ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“စိတ်ခိုင်ခိုင်ထားပြီးမှ အဆုံးထိကြည့်ပါ
ယနေ့ အရေးပေါ် ဆေးကုသစဉ်မှာပဲ
အမေစု သေဆုံးပြီဟု သားဖြစ်သူကြေညာ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Cele World”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရတယ်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါပိုမိုဆိုးရွားစွာ ခံစားနေရပြီး ဆရာဝန်နဲ့ ပြသခွင့်တောင်းဆိုပေမဲ့ မရတဲ့အကြောင်း၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရမရလည်း မသိရကြောင်း၊ အင်မတန် လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုကြောင်း သားဖြစ်သူ ဦးထိန်လင်းခေါ် Kim Aris က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာက တဆင့် တောင်းဆိုတယ်။
“ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာနေသည်ဟု ကြားသိရသည်။ မေမေက နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားသော်လည်း မေမေဘယ်နေရာမှာ ထိန်းသိမ်းခံထားရသည်၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရသည် မည်သူမျှ မသိနိုင်ပါ။
အင်မတန် လူမဆန်ရက်စက်လွန်းသော လက်ခံနိူင်စရာမရှိသည့် လုပ်ရပ်ဖြစ်သည်။ မေမေ့ကို လွှတ်ပေးရမည်၊ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးရမည်။ ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက်ပါ ဖြစ်သည်။”
ဒီအပြင် တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက “ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် စိုးရိမ်ရဟု သားဖြစ်သူ ထုတ်ပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
“Cele World”ဟာ မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည် ဖော်ပြလေ့ရှိတယ်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါပိုမိုဆိုးရွားစွာ ခံစားနေရပြီး ဆရာဝန်နဲ့ ပြသခွင့်မရတဲ့အကြောင်း သားဖြစ်သူပြောကြားချက်ကို သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိထားတယ်။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာ

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False