Fact Check: NUG ကို ဗုံးကြဲလေယာဉ် ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတပြောတဲ့ သတင်းတု

နိုင်ငံတကာ၊ | International

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို ဗုံးကြဲလေယာဉ်တွေ ထောက်ပံ့ပေးမယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  

“အမေစုကို ပြန်မလွှတ်ပေးရင် NUG လိုအပ်

တဲ့ ဗုံးကြဲလေယာဉ်ပါထောက်ပံ့ပေးတော့မယ်

တဲ့ ညကဒေါ်နယ်ထရမ့်ပြောကြား”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်းမှာ သူ့ရဲ့ ပထမသက်တမ်းထဲမှာဖြစ်စေ အခု ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဖြစ်စေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအကြောင်းပြောဆိုထားတာ တစုံတရာမရှိခဲ့ပါဘူး။ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ 

အခုလို သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာတော့  ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းတခုဖြစ်တဲ့ Eleven Broadcasting က‌‌ဖော်ပြဟန်နဲ့ ရုပ်ကတ်ကို အသုံးပြုထားထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၂ ရက် ညနေခင်း သတင်းကြေညာနေတဲ့ ဒီရုပ်သံမှာလည်း ဒီလိုသတင်း ဖော်ပြချက်မပါရှိပါဘူး။

လက်ရှိ မြန်မာနိုင်ငံအတွက် ထရမ့်ဟာ အထူးတလဲပြောဆိုချက်မတွေ့ရသလို သူဟာ မြန်မာအရေးကို စိတ်ဝင်စားမှုမရှိသလို သိရှိဖွယ်လည်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်ခဲ့သူ စကော့မာရှယ်(Scot Marciel)က ဧရာဝတီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာ ပြောပါတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် NUG ကို ဗုံးကြဲလေယာဉ်တွေ ထောက်ပံ့ပေးမယ်လို့ သမ္မတ ထရမ့်က ပြောဆိုလိုက်တယ်ဆိုတာ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အမေရိကန်သမ္မသစ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး တစုံတရာပြောဆိုချက်မရှိပါဘူး။

Avatar

Title:Fact Check: NUG ကို ဗုံးကြဲလေယာဉ် ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတပြောတဲ့ သတင်းတု

Written By: နေရာမောင်  

Result: False