မြန်မာစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို စစ်ရေးအရ အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အမိန့် ထုတ်ပြန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“လုံခြုံရေး ကောင်စီ အရေးပေါ် အမိန့်ထုတ်
စစ်ကောင်စီကို စစ်ရေးအရ အရေးယူဖို့ ကုလ အမိန့်ထုတ်ပြီ
နေပြည်တော် စစ်ဗိုလ်ချုပ် အချို့ ထွက်ပြေးနေပြီ”

အချက်အလက်စိစစ်ချက်
မြန်မာစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို စစ်ရေးအရ အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အမိန့် ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိက မီဒီယာတွေမှာ ဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။
ဒီလိုပြောဆိုပြီး ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ရှောနှောဖော်ပြတာ၊ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတာတွေပြုလုပ်နေတဲ့ နေရာဖြစ်တာ တွေ့ရတယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နာမကို တုပထားတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာတွေ့ကတော့ သတင်းမီဒီယာတချို့က ဖော်ပြခဲ့တဲ့ “NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ အကြား လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း အချက် ၉ ချက်သဘောတူပြီး လိုအပ်ချက်များကို ဆွေးနွေး”၊ “နတ်ရေကန်ဗျူဟာကုန်းကို ကာကွယ်ဖို့အတွက် စစ်ကောင်စီက အင်အား ၅၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို အလုံးအရင်းနဲ့ ထပ်မံဖြည့်တင်းပြီး တိုက်ပွဲပြင်းထန်နေ”၊ “ထားဝယ်ဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၄ ခု (DPLA၊ နွေဦးပြောက်ကျား စသည်တို့) ပူးပေါင်းပြီး “ထားဝယ်တပ်တော်” ကို ဖွဲ့စည်း”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားပြီး လုပ်ကြံသတင်းတွေ ဖြန့်ချိတယ်။မြန်မာစစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို စစ်ရေးအရ အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အမိန့် ထုတ်ပြန်လိုက်တယ် ဆိုတာ မဟုတ်ပါဘူး။

