Fact Check: အမေရိကန်လေယာဉ် တော်လှန်ရေးအဖွဲ့တွေဆီ‌ရောက်လာလို့  စစ်ခေါင်းဆောင် လေတပ်ချုပ်ကို ဖြုတ်ချဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တော်လှန်ရေးအဖွဲ့တွေဆီကို အမေရိကန် လေယာဉ်တွေ ဝင်ရောက်လာလို့  မြန်မာ စစ်ခေါင်းဆောင်က လေတပ်ချုပ်ကို ဖြုတ်ချခံတယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“တပ်ချုပ်က လေတပ်ချုပ်ကို ဖြုတ်ချ

နေပြည်တော်မှာ အမေရိကန်လေယာဉ်တွေ ဝင်ရောက်

အမေရိကန် လေယာဉ်တွေ ဝင်လာလို့ ပြေးနေရပြီ

တော်လှန်ရေးတပ်တွေဆီ အမေရိကန် လေယာဉ်တွေ ရောက်နေပြီ”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ အမေရိကန်လေယာဉ်တွေ နေပြည်တော်ကို ရောက်လာသလို တော်လှန်ရေးအဖွဲ့တွေဆီရောက်သွားလို့ စစ်တပ်ခေါင်းဆောင်က လေတပ်ချုပ်ကို ဖြုတ်ချတယ်ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီလိုအကြောင်းအရာမ ပါဝင်ပါဘူး။ 

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိတ်တလန့်ဖြစ်နေ”ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ ဒါပေမဲ့လည်း နေပြည်တော် က အမည်မဖော်လို့တဲ့ စစ်တပ်သတင်းအရင်းအမြစ်က ပြောခဲ့တဲ့ ဒီသတင်းဟာ စစ်တပ်ဘက်က တန်ပြန်ဝါဒဖြန့်ချိမှု သတင်းသာဖြစ်နိုင်ကြောင်းလည်း ထောက်ပြဝေဖန်မှုတွေရှိတယ်။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ သံလွင်တိုင်းမ် သတင်းဌာနကဖော်ပြခဲ့တဲ့ “မဲဆွယ်စည်းရုံးရေးအတွက် မွန်နိုင်ငံရေးပါတီတွေ ဘယ်လို စဉ်းစားချက်ရှိမလဲ”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကျောက်မဲမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ကျေးရွာများကို လေယာဉ်၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ” စတဲ့ အကြောင်းအရာတွေကို ဖော်ပြထားတယ်။ 

သုံးသပ်ချက်“Mandalay Khitthit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ အခုလည်း အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းပြီးနောက် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိတ်တလန့်နဲ့ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းကို  ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: အမေရိကန်လေယာဉ် တော်လှန်ရေးအဖွဲ့တွေဆီ‌ရောက်လာလို့  စစ်ခေါင်းဆောင် လေတပ်ချုပ်ကို ဖြုတ်ချဆိုတဲ့ သတင်းတု

Fact Check By: Zun Zee  

Result: False