
ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်သား ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ရေးသားပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်အတွင်းက KIA က ပြန်လွှတ်ပေးလိုက်တဲ့ စစ်သားသုံးယောက်ရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။
“Soe Thiha”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ စာသားတဲ့ ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “KIA ဘက်က ဖမ်းမိထားတဲ့ စကစစစ်သား ၃ ယောက်ကို သတ်မပစ်တဲ့အပြင် လမ်းစရိတ် ၅၀၀၀၀ စီ ပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဘယ်လောက် လူသားဆန်လဲ”စသည်ဖြင့် စအချီ ရေးသားပြီး မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅ထောင် ၆ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ဘလော့စာမျက်နှာဖြစ်တဲ့ ဒီနေရာမှာ လည်းတွေ့ရပြီး အခြားသော လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ twitter မှာလည်း မျှဝေထားထားတာကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအောက်က မှတ်ချက်တွေမှာ ဒီဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က The Kachin Times က တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်တယ်လို့ရေးသားထားတာတွေ့ရပါတယ်။
The Kachin Times အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဝင်ရောက်ရှာဖွေကြည့်ရာမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က သတင်းတစ်ခုမှာ ဒီဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။

သတင်းစာသားများအဖြစ် “၂၀၁၈ ဖေဖော် ဝါရီလ ၁ရက်နေ့ ည ၇အချိန်ခန့်တွင် မိုးကောင်းမြို့နယ် နန့်ဟိုင် ကျေးရွာ KBC ဆုတောင်းတောင်အနီး ကေအိုင်အေနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားစဉ် ဖမ်းဆီးရမိခဲ့သော မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်သုံးဦးအား ကေအိုင်အေမှ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) ထံသို့ (ယနေ့)နေ့လည် ၁နာရီအချိန်က ကားမိုင်း ကထန်ယန်ကျေးရွာရှိ ဘုရားကျောင်းဝင်းအတွင်း လွှဲပြောင်းအပ်နှံခဲ့သည်။”လို့ The Kachin Times က ရေးသားထားပါတယ်။
မူရင်းလင်ခ့် – The Kachin Times | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ KIA က ပြန်လွှတ်ပေးလိုက်တဲ့ စစ်သား ၃ ယောက်ဖြစ်စဉ်နဲ့ ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်က ဓာတ်ပုံတွေဖြစ်ပါတယ်။

Title:၂၀၁၈ ခုနှစ်က KIA က ပြန်လွှတ်ပေးခဲ့တဲ့ တပ်မတော်သား ၃ ဦးကို လက်ရှိအဖြစ်အပျက်သဖွယ် ပြန်လည်မျှဝေ
Fact Check By: Zun ZeeResult: Missing Context