Fact Check: မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်အကြောင်းကြားတဲ့ သတင်းတု

False နိုင်ငံရေး | Politics

KIA ထိန်းချုပ်ထားတဲ့ ဒေသမှာ မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့  အမေရိကန်က အကြောင်းကြားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။ 

“မြန်မာ့အရေး အမေရိကန်မီးစိမ်းပြပြီ

မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးကူညီပေးဖို့ 

အိမ်ဖြူတော် အကြောင်းကြားပြီ၊ တရုတ်ကြီးအငိုက်မိ”

C:\Users\User\Downloads\Firefox_Screenshot_2025-08-20T13-33-33.628Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  တကယ်တော့ ဒီလိုအမေရိကန်ဘက်က တော်လှန်ရေးအဖွဲ့တွေ အထူးသဖြင့် KIA ထိန်းချုပ်ထားတဲ့ ဒေသက မြေရှားသတ္တု ဝယ်မယ်ဆိုတဲ့အထောက်အထားမတွေ့ရသလို ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေကလည်းဖော်ပြချက်မရှိသေးချိန်မှာ စစ်ရေးအရ တော်လှန်ရေးကို အမေရိကန်က ကူညီနေတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။

အခုလည်း ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာ အသုံးပြုသူတဦးရေးသားတဲ့ “အမေရိကန် သံ ကြီး ကချင်သို့ ခြေဆန့်ပြီ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ ဒီဆောင်းပါးထဲမှာ အမေရိကန်သံရုံးယာယီတာဝန်ခံက တရုတ်ရဲ့ နောက်ဖေးပေါက်လို့ တင်စားကြတဲ့ ကချင်ပြည်နယ် ခရီးစဉ်သွားရောက်မှုဟာ တရုတ်နဲ့ အမေရိကန်အကြား အကြိတ်အနယ်ယှဉ်ပြိုင်နေတဲ့ မြေရှားသတ္တုကိစ္စဟာ မလွဲမသွေပါဝင်မည်ဖြစ်ပြီး တရုတ်ကလည်း အရင်က အမေရိကန် သံတမန်တွေ မြစ်ကြီးနားကို သွားတိုင် ကန့်ကွက်နေတာမို့ ကန့်ကွက်မှာ မလွဲမသွေဖြစ်ကြောင်း၊ တရုတ်ဟာ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံထားပေမဲ့ မမျှော်လင့်နိုင်တဲ့ ပြဿနာတွေအတွက်လည်း သတိထားနေပြီး စစ်တပ်ကိုလည်း သတိပေးနေကြောင်း၊ တဖက်မှာ NUG ဟာ လတ်တလောမှာ တိတ်တဆိတ်ကြံစည်နေဟန်ရှိပြီး ကြီးမားတဲ့ အပြောင်းအလဲ မြင်ရဖွယ်ရှိကြောင်း စသည်ဖြင့်ရေးသားထားတယ်။ 

၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြခဲ့တဲ့ အကြောင်းတွေကတော့ “ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားမှုကြောင့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲခံထားရသော စစ်တပ်က AA ကို လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်နေဟု ဇော်မင်းထွန်း ပြောဆို”၊ “ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် အမတ်လောင်းများနှင့် နိုင်ငံရေးပါတီများ စစ်တပ်အပေါ် အနုတ်လက္ခဏာ ဝေဖန်မဲဆွယ်မှု မလုပ်ရ ဆိုသော စည်းကမ်းချက် လိုက်နာရန် မင်းအောင်လှိုင်ညွှန်ကြား” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ အခုလည်း လူမှုကွန်ယက်အသုံးပြုသူတဦးရေးသားတဲ့ ကချင်ပြည်နယ်ကို အမေရိကန် အကြီးတန်းသံတမန် တဦး ခရီးစဉ်သွားရောက်မှုဟာ တရုတ်နဲ့ အမေရိကန်အကြား မြန်မာနိုင်ငံမှာ အားပြိုင်မှုကို ကိုယ်စားပြုပြီး အရေးပါတဲ့ အပြောင်းအလဲဖြစ်နိုင်ကြောင်း သုံးသပ်ချက်ကို သတင်းခေါင်းစဉ်တု တပ်ထားခြင်း ဖြစ်တယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံက မြေရှားသတ္တုကို ဝယ်မယ်ဆိုတဲ့အကြောင်းမပါသလို စစ်လက်နက်ပစ္စည်းထောက်ပံ့မယ့်အကြောင်းလည်း မပါဝင်ပါဘူး။

ပြောဆိုချက်- မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်အကြောင်းကြား

Avatar

Title:Fact Check: မြေရှားသတ္တုဝယ်ပြီး တော်လှန်ရေးကို စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်အကြောင်းကြားတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *