Fact Check: မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ  ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  

“အမေရိကန် စစ်ကြေညာ

စစ်အုပ်စုကို တရားဝက် ကြေညာလိုက်ပြီ

ဒုချုပ်စိုးဝင်းက မင်းအောင်လှိုင် အမြန်ဆုံးပြန်လာဖို့ ပြန်ခေါ်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

 ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ “မြန်မာနိုင်ငံတွင် ကြားခံစစ်ပွဲကို အမေရိကန် က အမှန်တကယ် စီစဉ်နေသလား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ မူလက The Interpreter အမည်နဲ့ ဝက်ဘ်ဆိုဒ်က အင်္ဂလိပ်ဘာသာနဲ့‌ဖော်ပြခဲ့တဲ့ ဖော်ပြချက်ကို မြန်မာဘာသာနဲ့ မြန်မာသတင်းမီဒီယာတချို့က ပြန်ဆိုဖော်ပြထားတဲ့ ဒီအတွေးအမြင်ဆောင်းပါးမှာ ဘလော့ဂ်နဲ့ မီဒီယာတချို့မှာ အမေရိကန်ဟာ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံက တဆင့် မြန်မာနိုင်ငံတော်လှန်ရေးအောင်မြင်ဖို့ စစ်ရေးအရ AA နဲ့ CNF တို့ကို ကူညီဖို့ ရောက်နေပြီဆိုတဲ့ ပြောဆိုရေးသားချက်တွေဟာ မဖြစ်နိုင်တာမဟုတ်ပေမဲ့ အခြေအမြစ်မဲ့ပြီး သတင်းမှားနဲ့ သတင်းလိမ် ‌ဖော်ပြချက်အဖြစ်ကောက်ချက်ချနိုင်ကြောင်း အချက်အလက်တချို့ကို ထောက်ပြပြီး ဝေဖန်ရေးသား ထားခြင်းဖြစ်တာတွေ့ရတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်ဆိုတာမဟုတ်ပါဘူး။ ဒီလိုကြေညာတယ် ဆိုတဲ့ အထောက်အထားလည်းမရှိပါ။ ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့ အကြောင်းအရာဟာလည်း The Interpreter ဝက်ဘ်ဆိုဒ်မှာဖော်ပြခဲ့တဲ့  အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ကြားခံစစ်ပွဲဖန်တီးမယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အကြောင်း အတွေးအမြင်ဆန်ဆန်ရေးသားဖော်ပြချက်သာဖြစ်တယ်။

ပြောဆိုချက်- မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာလိုက်တယ်

Avatar

Title:Fact Check: မြန်မာစစ်အုပ်စုကို အမေရိကန်က တရားဝင် စစ်ကြေညာဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *