နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်နေတယ် ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ စက်တင်ဘာ ၂၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၅ သိန်းဝန်းကျင်ရရှိထားတယ်။
“နေပြည်တော် ကိုအမေရိကန် ကင်းလှည့်နေ
အကုန်ပြေးခိုင်းနေပြီ
အဆင့်မြင့် အမေရိကန်လေယာဉ်တွေ နေပြည်တော်ကို ကင်းထောက်
အကြမ်းဖက်မှုနဲ့ ကြေညာအပြီး ဆက်တိုက် ကင်းထောက်”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦး ရေးသားတဲ့ “အမေရိကန် ၏ မြန်မာ အပေါ် စိတ်ဝင်စားမှု မြင့်တက်လာ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာကဖော်ပြခဲ့တဲ့ “မြောက်ကိုရီးယားက မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုတွင် ပါဝင်နေသော မြန်မာ ၃ ဦးနှင့် မြောက်ကိုရီးယား ၂ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၁ ခုတို့ကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူ”၊ “စစ်အာဏာရှင် အမြစ်ပြတ် တိုက်ဖျက်ရေး NUG သမ္မတနှင့် KNU ဥက္ကဋ္ဌ တို့ တွေ့ဆုံ ဆွေးနွေးပြီး ခိုင်မာစွာ လက်တွဲရန် သဘောတူညီ”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။
သုံးသပ်ချက်
ဗွီဒီယို ဖြန့်ချိထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ ဖေ့စ်ဘွတ်အသုံးပြုသူ တဦးရေးသားတဲ့ မြန်မာစစ်တပ်လက်နက်ပွဲစားကုမ္ပဏီအပါအဝင် လူ၃ ဦးနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းတဲ့ မြောက်ကိုရီးယား ၂ ဦးကို အမေရိကန်ပိတ်ဆို့အရေးယူမှုဟာ မြန်မာအရေးအပေါ် အမေရိကန်ရဲ့ စိတ်ဝင်စားမှု မြင့်တက်မှုဖြစ်တယ်ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ဖြန့်ချိကာ ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက် ကင်းလှည့်

Title:Fact Check: နေပြည်တော်ကို အကြမ်းဖက်အဖြစ် ကြေညာပြီး အမေရိကန်က လေယာဉ်တွေနဲ့ ဆက်တိုက်ကင်းလှည့်တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False