မြန်မာနိုင်ငံကို ငွေကြေးလိမ်လည်မှုကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် အမေရိကန်တပ် ထိုင်းကနေ ဝင်လာပြီ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“အမေရိကန် တပ် ထိုင်းကနေ ဝင်လာပြီ
နေပြည်တော် အဝင်အထွက် ပိတ်ပြီ ကြောက်လန့်နေ
ထိုင်းနိုင်ငံကလည်း အမေရိကန် မြန်မာဝင်မည်ဟု တရားဝင်ကြေညာ သတ္တုတွင်း နဲ့အတူ ကြားဖြန့် ဖြေရှင်းရေးဟု အမေရိကန် ထုတ်ပြန်”

အချက်အလက်စိစစ်ချက်
“Mandalay Khitthit ” ယူကျူ့ချန်နယ်အပါအဝင် မြန်မာကို အရေးယူဖို့ အမေရိကန်စစ်တပ် ထိုင်းကတဆင့် ဝင်လာပြီလို့ ပြောဆိုထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိပြီး ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာတွေဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခရာဘီလေဆိပ်မှာ အမေရိကန် စစ်လေယာဉ်တွေ အဆင်းအတက် ပြုလုပ်နေခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်စရာ မလိုတဲ့အကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ သက်ဆိုင်ခြင်းမရှိဘဲ အမေရိကန် စစ်တပ်အတွက် ပုံမှန်တပ်အပြောင်းအလဲ ပြုလုပ်မှုသာဖြစ်ကြောင်း ထိုင်းလေတပ်က ရှင်းလင်း ပြောကြားမှု သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ ဒီသတင်းကို မြန်မာဘာသာနဲ့ ဖြန့်ဝေတဲ့ သတင်းမီဒီယာတွေမှာလည်း ပြန်လည်ဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာပြန်လည် ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေမှာ ဖော်ပြချက်တွေ့ရတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက ခရာဘီ လေဆိပ်မှာ အမေရိကန် စစ်လေယာဉ်တွေ တပ်ဆင်းပြုလုပ်တဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ မြန်မာနိုင်ငံကို ငွေကြေးလိမ်လည်မှုကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် အမေရိကန်တပ် ထိုင်းကနေ ဝင်လာပြီဆိုတာ မဟုတ်ပါဘူး။

