ဇွန် ၁ ရက်က မြဝတီ အာရှလမ်းမကြီးမှာ မြေပြိုမှုဆိုပြီးတော့ ဗွီဒီယိုတခု မြန်မာဘာသာ အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ အဖြစ်အပျက်မှန် တခုမဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူ မြဝတီအာရှလမ်းမကြီး မြေပြိုပျက်စီမှုလို့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“အရင်ပြည်နယ်▪︎မြဝတီ 1•6•2025”(မူလအရေးအသား)
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး ဗွီဒီယိုတွေ ဖန်တီးသူ တဦးက စတင်ဖြန့်ဝေလာတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ မူလ ဗွီဒီယိုဖော်ပြချက်ကို မေ ၂၇ ရက်က Tiktok မှာ စတင်ဖြန့်ချိခဲ့တာတွေ့ရပါတယ်။ စာသားကတော့ မူလ ဗွီဒီယိုဖန်တီးသူရဲ့ ပေါ်တူဂီဘာသာစကားနဲ့ဖော်ပြချက်ကို အင်္ဂလိပ်ဘာသာစကား သို့ပြောင်းပြီး မြန်မာလို ဆီလျှော်အောင် ပြန်ဆိုထားတာဖြစ်တယ်။
“ရေလွှမ်းမိုးမှုဖြစ်ပွားပြီး မြို့တွင်းသို့ ကားလမ်းပေါ်တွင် ယာဉ်များ ချိုင့်ဝှမ်းတွင် ပြုတ်ကျစဉ် #မိုး #ကြောက် #လှိုင်း #tsunami#foryoupage”
Pavoros အမည်နဲ့ ဗွီဒီယိုမူလဖြန့်ချိသူက ကမ္ဘာပျက်သုဉ်းမှုအကြောင်း ဉာဏ်ရည်တု နည်းပညာတွေ ဖန်တီးသူလို့ သူ့ရဲ့ အကောင့်မှာ ရေးသားထားပြီး မြေပြိုမှုနဲ့ မြို့ပြရေလွှမ်းမိုးမှုတွေကို အဓိက ဖန်တီးဖော်ပြထား ဖန်တီးထားတဲ့ ဗွီဒီယိုတွေ အများအပြားတွေ့နိုင်ပါတယ်။
ဒီအပြင် မြဝတီလမ်းပိုင်း အာရှလမ်းမကြီး မြေပြိုမှုနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာဖြစ်စေ မီဒီယာတွေမှာဖြစ်စေ တစုံတရာ မတွေ့ရပါဘူး။
သုံးသပ်ချက်
ဗွီဒီယိုဟာ မေ ၂၇ ရက်မှာ ဉာဏ်ရည်တုနည်းပညာအသုံးပြုပြီး ရေကြီးမှု မြေပြိုမှုတွေ ဖန်တီးသူတဦး ဖန်တီးထားတဲ့ ဗွီဒီယိုတခုဖြစ်တယ်။ မြဝတီ အာရှလမ်းမကြီးမှာ မြေပြိုမှုဖြစ်ပွားပြီး လမ်းပိုင်း ပျက်စီးသွားတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။
ပြောဆိုချက်- မြဝတီ အာရှလမ်းမကြီးမှာ ဇွန် ၁ ရက်က မြေပြိုမှု မြင်ကွင်း

Title:Fact Check: မြဝတီ အာရှလမ်းမကြီး မြေပြိုမှု ဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False