အမေရိကန် လေယာဉ်တင် သင်္ဘောက အီရန်တိုက်လေယာဉ်တစီးကို ပစ်ချနေတဲ့ ဗွီဒီယိုလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး ဗွီဒီယိုဟာ တိုက်ခိုက်ရေးသရုပ်ပြဂိမ်း တခုဖြစ်တယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို လေကြောင်းက ရုတ်တရက်ဝင်ရောက်ခိုက်ခဲ့ပြီး အီရန်ခေါင်းဆောင် ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်တချို့ကို သုတ်သင်ရှင်းလင်းခဲ့သလို စစ်ရေးအရ အရေးပါတဲ့နေရာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“အမေရိကန် Air carriers Group မှ အီရန် Jet fighter ပစ်ချ ဗီဒီယို”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဟာ လက်ရှိစစ်ရေးဖြစ်ရပ်တွေရဲ့ တကယ့်ဗီဒီယိုမဟုတ်ပါဘူး။ အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို လက်ဦးမှုရယူတိုက်ခိုက်မှုနဲ့ အီရန်က ပြန်လည်တုန့်ပြန်မှုတွေအဖြစ် လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ရိုက်တိုက်ပွဲ ဗွီဒီယိုတခုအဖြစ် မျှဝေထားပေမဲ့ ဒီဗွီဒီယိုဟာ Arma 3 လို ကွန်ပျူတာအခြေပြုဓာတ်ပုံသို့မဟုတ် ဗွီဒီယိုထုတ်လုပ်ရေး(CGI)ဆော့ဖ်ဝဲလ်တခုခုနဲ့ စစ်ရေးသရုပ်ဖော် ဗွီဒီယိုအဖြစ်ဖန်တီးမှုတခုသာဖြစ်တယ်။ “Chin Matu Media – ချင်းမတူ မီဒီယာ”အမည်နဲ့ ဖေ့စ်ဘွတ်က မျှဝေထားတဲ့ ဒီဗွီဒီယိုကို အစ္စရေးနဲ့ အမေရိကန်က အီရန်ကို တိုက်ခိုက်မှု မပြုမီ တရက်အလို ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက ဘင်္ဂလားဒေ့ရှ်အခြေစိုက် စစ်ပွဲဂိမ်းဗွီဒီယိုတွေ ဖန်တီးသူ “Rasel Gaming”က ဖော်ပြထားတာကို အွန်လိုင်းမှာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ယူကျူ့မှာ အလားသဏ္ဌာန်တူတဲ့ ဗွီဒီယိုအများအပြားတွေ့နိုင်ပါတယ်။
အတုဖြစ်ကြောင်း သိသာစေတဲ့ အချက်တွေကတော့ ဗွီဒီယိုထဲမှာ တောက်ပတဲ့ကျည်ဆန်သွားလမ်းကြောင်း၊ ဒုံးကျည်တွေနဲ့ လေယာဉ်ရွေ့လျားပုံဟာ ပုံမှန်ထက် ပိုမိုနှေးကွေးနေပြီးနဲ့ ထပ်ခါတလဲလဲဖြစ်နေတဲ့ ပုံစံတွေ့ရတယ်။ ဒါဟာ လက်ရှိအချိန်အထိ CGI ဆော့ဖ်ဝဲလ်နဲ့ဂိမ်းဖန်တီးရာမှာ တွေ့ရတဲ့ ဝိသေသလက္ခဏာ တစ်ခုဖြစ်တယ်။
ဗွီဒီယိုကို ဖုန်းနဲ့ မှတ်တမ်းတင်ထားပုံ ဖော်ထားပေမဲ့ ပေါက်ကွဲမှုတွေနဲ့ အဲဒီအချိန်မှာ အလင်းရောင်ပျံ့နှံ ထွက်လာပုံတွေဟာလည်း သဘာဝသိပ်မဆန်တာတွေ့ရသလို ဗွီဒီယိုထဲမှာ လွှင့်ထူထားတဲ့ အလံဟာ လှုပ်ရှားမှု မရှိတာလည်းတွေ့ရတယ်။
နောက်ဆုံးအနေနဲ့ ဒီဗွီဒီယိုကို ယုံကြည်ရလောက်တဲ့ နိုင်ငံတကာ သတင်းအရင်းအမြစ်တခုတလေကမျှ ပြန်လည်ဖော်ပြခြင်းမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာသာ ပျံ့နှံ့နေတာတွေ့ရတယ်။
သုံးသပ်ချက်
အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်ကနေ အီရန်တိုက်လေယာဉ်တစီးကို ပစ်ချနေတဲ့ ဗွီဒီယိုလို့ ဆိုပြီး “Chin Matu Media – ချင်းမတူ မီဒီယာ”နဲ့ ဖေ့စ်ဘွတ်စာနှာကဖော်ပြထားတဲ့ ဗွီဒီယိုဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တခုက မဟုတ်ဘဲ ဆော့ဖ်ဝဲလ်တခုအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးမှု ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။
Title:Fact Check: အီရန်တိုက်လေယာဉ်ကို အမေရိကန်လေယာဉ်တင်သင်္ဘောက ပစ်ချနေတဲ့ ဗွီဒီယိုလား -မဟုတ်ပါ
Fact Check By: နေရာမောင်Result: False

