
ရန်ကုန်မြို့ဝင်စီးခံလိုက်ရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီလို့ဆိုလိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နှုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီမှာလည်း တွေ့ရတယ်။ ဆူးလေဘုရားလမ်းမှာ မီးလောင်ပေါက်ကွဲမှုကြီးတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားထားပါတယ်။
“ရန်ကုန် မြို့လယ်မှာ သေကုန်ပြီ
လုံးဝ အပြင်မထွက်ကြပါနဲ့
ရန်ကုန်မြို့ ဝင်စီး ခံလိုက်ရပြီ”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖြစ်စေ၊ တခြားယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ် တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခု ဗွီဒီယိုစမှာ ပြသတဲ့ ရုပ်ကတ်ဟာ လုပ်ကြံရေးသားချက်ဖြစ်ပြီး ဆူးလေဘုရားလမ်းမှာ မီးလောင်ပေါက်ကွဲမှုတွေဖြစ်နေတဲ့ ဓာတ်ပုံဟာလည်း AI နည်းပညာအသုံးပြု ပုံဖော်ထားခြင်းဖြစ် တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အပြင်မထွက်ဘဲ ဆန္ဒပြတဲ့ လှုပ်ရှားမှုတခုက ဓာတ်ပုံကို AI နည်းပညာနဲ့ ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်နေသယောင် ဖန်တီးထားခြင်းဖြစ်တယ်။ အပြင်မှာ အမှန်တကယ်ဖြစ်ပျက်မှုမဟုတ်ပါဘူး။
ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာကို ဆက်လက်ကြည့်ရှု့ရအောင်ပါ။ ရန်ကုန်မှာ တရက်ထဲ လူ ၅၀၀ လောက်ဖမ်းဆီးခံရတယ်လို့ အသံဖိုင်ထဲမှာ အစီအစဉ်တင်ဆက်သူက ပြောဆိုထားသလို ရန်ကုန်တိုင်းမှူးရဲ့ မိသားစုဝင်တွေ သတ်ဖြတ်ခံရလို့ ဒီလိုလုပ်တာလို့လည်း ပြောဆိုထားပါသေးတယ်။ ဒါကြောင့် လူထုအနေနဲ့ အပြင်မထွက်ကြဖို့ဆိုပြီးတော့လည်း တိုက်တွန်းထားပါတယ်။
တကယ်တော့ ဒီအသံဖိုင်ထဲက အကြောင်းအရာဟာလည်း လုပ်ကြံပြောဆိုချက်တွေနဲ့ ပြည့်နှက် နေပါတယ်။ ရန်ကုန်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဦးတည်ပြီး ဖမ်းဆီးနေတဲ့ သတင်း အကြောင်းအရာတချို့ကို လိုအပ်သလို ပြန်လည်ပြင်ဆင်ပြောကြားထားပြီး AA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ အကြောင်းကိုလည်း လိုအပ်သလို ပြောဆိုဖြန့်ဝေထားပါသေးတယ်။
သုံးသပ်ချက်
“Local Celegram”ဟာ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ရန်ကုန်မြို့ဝင်စီးခံလိုက်ရပြီ ဆိုတာ လုပ်ကြံရေးသားဖြန့်ဝေမှုဖြစ်သလို အပြင်မထွက်ဘဲ အသံတိတ်ဆန္ဒပြမှု လှုပ်ရှားမှု တခုက ဓာတ်ပုံကို AI အသုံးပြုပြီး ဆူလေးဘုရားလမ်းမှာ ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်နေသယောင်ဖော်ပြထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ရန်ကုန်မြို့ ဝင်စီးခံရပြီး ရန်ကုန်မြို့လယ်မှာ အများအပြားသေဆုံး

Title:Fact Check: ရန်ကုန်မြို့ ဝင်စီးခံရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False