
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဆင့်ခေါ်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်ကျူးလွန်မှုတွေအတွက် တရားစွဲဆိုဖို့ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပိုမိုအားကောင်းလာနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖြုတ်ချခံ အရပ်သားအစိုးရကို ဆက်ခံတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကိုယ်တိုင်က ICC မှာ စစ်ခေါင်းဆောင်တွေကို စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းလာနေတာပဲဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ “မင်းအောင်လှိုင်ကို iccက ဆင့်ခေါ့်ပြီ”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာလည်း ” (၁၆)ရက်နေ့ ICC ကဆင့်ခေါ်ပြီ မင်းအောင်လှိုင်အတွက် ပြေးလမ်းမရှိပြီ” စသည်ဖြင့်လည်းရေးသားထား ပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာအထူးတင်သွင်းသူ ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်လိုက်တဲ့ “ICC တရားရုံးကနေ စစ်ခေါင်းဆောင်တွေကို အမြန်အရေးယူဖို့ ကုလအရာရှိဟောင်း တွေတောင်းဆို”ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ RFA သတင်းဌာနဖော်ပြချက်ကို ခေါင်းစဉ်အတုဖြစ်တဲ့ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဆင့်ခေါ်ပြီ”စသည်ဖြင့် ရေးသားမျှဝေ နေခြင်းဖြစ်ပါတယ်။
ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ မြန်မာစစ်တပ်အပေါ်တရားစွဲဆိုမှုကို ICC က ၂၀၁၉ ခုနှစ်ကတည်းလက်ခံပြီ စုံစမ်းမှုပြု လုပ်ဖို့အတွက်အမိန့်ချမှတ်ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ စွဲချက်တင်မတင်ဟာ ဆက်လက်လုပ် ဆောင်နေတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပြီး အာဏာသိမ်းမှုအပြီးမှာ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ဖမ်းဆီး သတ်ဖြတ်မှု တွေကြောင့် ပြည်တွင်းကပါ ဒီလိုတရားစွဲဆိုမှုကိုထောက်ခံလာပြီး ဖြုတ်ချခံအရပ်သားအစိုးရကို ဆက်ခံတဲ့ NUG အစိုးရကိုယ်တိုင်က ICC မှာ စစ်ခေါင်းဆောင် တွေကို စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းလာနေပါတယ်။
သုံးသပ်ချက်
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာအထူးတင်သွင်းသူ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က မြန်မာစစ်ခေါင်းဆောင်တွေကို ICC အနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့တောင်းဆိုမှုသာဖြစ်ပါတယ်။ ICC က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆင့်ခေါ်တယ်ဆိုတာမဟုတ်ပါဘူး။

Title:Fact Check: မင်းအောင်လှိုင်ကို ICC က ဆင့်ခေါ်ပြီဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False