
NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက ဂျိုကိုဝီဒိုဒိုကလည်း မြန်မာအရေးဟာထိပ်တန်းဦးစားပေးအဖြစ်ကြေညာလိုက်တယ်လို့လည်းဆိုပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတာဟာ အလွန်ကောင်းတဲ့ရလဒ်တစ်ခုလို့ဆိုရမယ်.. NUG အစိုးရအနေနဲ့ ကြီးမားတဲ့ သံတမန်ရေးအောင်ပွဲ တစ်ခုလို့ပြောနိုင်ပါတယ်…
မနေ့ကတစ်ရက်ထဲမှာဘဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးက ဖြေရှင်းရမဲ့ပြဿနာလို့ အင်ဒိုသမ္မတမှကြေငြာသွားတယ်…
အင်ဒိုသမ္မတပြောပြီး ၂၄ နာရီမပြည့်သေးဘူး ကမ္ဘောဒီးယား မှ မြန်မာအတွက်အထူးသံတမန် ပရက်ဆက်ခွန်က တတိယအကြိမ် မြန်မာပြည်ကို လာမဲ့ခရီးစဉ်ကိုဖျက်သိမ်းလိုက်တယ်…”စသည်ဖြင့် ရေးသားထားပြီး “Simon Nick” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြတာ မတွေ့ရ ပါဘူး။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ထိုင်းဘုရင်နဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ ဒီလိုထုတ်ပြန်ချက်မျိုး မတွေ့ရပါဘူး။ တကယ်မှန်ခဲ့မယ်ဆိုရင် ဒီလိုသတင်းမျိုးကို NUG အနေနဲ့ ကွယ်ဝှက်ထားဖွယ်မရှိပါဘူး။
ထိုင်းဘာသာနဲ့ သတင်းဌာနတွေမှာလည်း ဒီလိုသတင်းဖော်ပြချက်မတွေ့ရဘူးလို့ ထိုင်းအခြေစိုက် Fact Crescendo Thailand ရဲ့အချက်အလက်စိစစ်သူကလည်း အတည်ပြုပါတယ်။ ထိုင်းဘုရင်နန်းတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ https://www.royaloffice.th/ မှာလည်း ဒီလိုတွေ့ဆုံမှုသတင်းဖော်ပြချက်မတွေ့ရပါဘူး။
“အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးကဖြေရှင်းရမဲ့ပြဿနာလို့ အင်ဒိုသမ္မတမ ကြေငြာသွားတယ်”ဆိုတဲ့အချက်ကိုလည်း Fact Crescendo Myanmar အနေနဲ့မတွေ့ရပါဘူး။ အင်ဒိုနီးရှားဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုအပြီးမှာ မြန်မာအရေးမှာ တက်ကြွလှုပ်ရှားတဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဘရူနိုင်းက အာဆီယံဉက္ကဌ ရာထူးယူထားပေမဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ အခြားသောအာဆီယံခေါင်း ဆောင်တွေနဲ့ မြန်မာစစ် ခေါင်းဆောင်ကို တွေ့ဆုံစေပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့တာလည်းတွေ့ရပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူချိန်မှာလည်း မြန်မာအရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအနေနဲ့ တက်တက်ကြွကြွဆောင်ရွက်ဖို့ရှိပေမဲ့ ဒီလို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ဒိုဒို(Joko Widodo)က ထုတ်ဖော်ပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားတော့မရှိပါဘူး။

မူရင်းလင်ခ့် – VOA Burmese | Archive link
သုံးသပ်ချက်
ထိုင်းဘုရင်နဲ့ NUG တွေ့ဆုံမှု၊ အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့ အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးဖြေရှင်းမယ်ရမယ့် ပြဿနာလို့ကြေညာချက်တွေဟာ တစ်စုံတရာ အထောက်အထားမရှိပါဘူး။

Title:Fact Check: ထိုင်းဘုရင်နဲ့ NUG တွေ့ဆုံ၊မြန်မာအရေးထိပ်တန်းဦးစားပေးလို့ သမ္မတဂျိုကိုဝီပြောတဲ့သတင်းတုသတင်းမှား
Fact Check By: နေရာမောင်Result: False