Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

False လူမှုရေး

သောကြာဂြိုဟ်နဲ့ လနီးကပ်ခြင်းဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကမ္ဘာ့ပျက်စီးသွားပြီး ရန်ကုန်လည်း ရေလွှမ်းမိုးပျက်စီးသွားမယ်လို့ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။

အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီလို ကမ္ဘာပျက်မယ့် အကြောင်းအရာဟာ အချိန်ခရီးသွားလို့ကျော်ကြားတဲ အီနွန်အဲလရစ်က ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ စရင်ရှော့ဓာတ်ပုံထဲမှာမြင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတာဝန်ရှိသူဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်တွေ နောက်ခံမှာ မြင်နေရပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကလို့ ယူဆရပါတယ်။

“သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု”ဆိုတဲ့အကြောင်းကို ဆန်းစစ်ကြည့်ရာမှာ မတ် ၂၄ ရက်ကစလို့ လနဲ့ သောကြာ ဂြိုဟ်လို့ မြန်မာမှုပြုပြီးခေါ်တဲ့ Venus ဂြိုဟ်ဟာ ကမ္ဘာမြေက ကြည့်မယ်ဆိုရင် တတန်းတဲ့ ဖြစ်တဲ့ ဖြစ်စဉ်ကြောင့် ကောင်းကင်ဟာ လှပနေမယ့်အကြောင်း နက္ခတ်နဲ့ အာကာသဆိုင်ရာအဖွဲ့တွေကနေစောင့်ကြည့်ဖို့ ထုတ်ပြန်ကြပါတယ်။ နေအဖွဲ့အစည်းအတွင်းက ဂြိုဟ် ၉ လုံးထဲမှာ အတောက်ပဆုံး ဂြိုဟ်တစ်ခုဖြစ်တဲ့ သောကြာဂြိုဟ်နဲ့ လတို့ တတန်းထဲ မြင်တွေ့ရမှုအကြောင်းဟာ နိုင်ငံတကာ နက္ခတာရာ စိတ်ဝင်စားသူတွေ အတွက်လည်း စိတ်ဝင်စားစရာသတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဂြိုဟ်၊လ၊ကမ္ဘာစတဲ့ နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေဟာ သူတို့ ပတ်လမ်းကြောင်းအတိုင်းပတ်နေကြစဉ်မှာ ရံဖန်ရံခါ တတန်းထဲကျရောက်၊ အနည်းငယ်နီးကပ်လာတာမျိုးဟာ သဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုလည်း လနဲ့ သောကြာဂြိုဟ်ဟာ တတန်းထဲ ကျရောက်တာမို့ ကြည့်မြင်ရသူတွေအတွက် နီးလာတယ်ထင်ရပေမဲ့ တကယ် နီးကပ်လာတာမျိုး မဟုတ်ဘူးလို့ အိန္ဒိယ အဝေးရောက်ပညာရေး နက္ခတ္တဗေဒအသင်းက ဆိုပါတယ်။ 

အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့(NASA)ရဲ့ ထုတ်ပြန်ချက်မှာလည်း လနဲ့ သောကြာဂြိုဟ်တို့ တတန်းထဲကျရောက်ပြီး လှပနေတဲ့ မြင်ကွင်းကို ဖော်ပြပါတယ်။ ကမ္ဘာမြေအပေါ် အန္တရာယ်ကျရောက်မယ်ဆိုတဲ့ သတိပေးချက်မရှိပါဘူး။ 

ထို့အပြင် မြန်မာ့နက္ခတ်တာရာနှင့်သိပ္ပံပညာဝါသနာရှင်များအသင်း(MASES)ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း လနဲ့ သောကြာဂြိုဟ်တတန်းထဲကျရောက်ပြီး သောကြာဂြိုဟ် မမြင်ရတဲ့ ဖြစ်စဉ် (သောကြာဂြိုဟ်ကြတ်ခြင်း အဖြစ်တင်စားဖော်ပြပေမဲ့) ဖော်ပြချက်ရှိပေမဲ့ အခြားသတိပေးချက်တစ်စုံတစ်ရာ ဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

လနဲ့ သောကြာဂြိုဟ်တို့ တတန်းထဲကျရောက်ပြီး အတောက်ပဆုံးလှပနေတဲ့ ကောင်းကင်မြင်ကွင်းကို စောင့်ကြည့်ဖို့ နက္ခတ်နဲ့ အာကာသဆိုင်ရာအဖွဲ့အစည်းတွေက လူတွေအသိပေးထားပေးထာပါတယ်။ ဂြိုဟ်၊လ၊ကမ္ဘာစတဲ့ နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေဟာ သက်ဆိုင်ရာ ပတ်လမ်းကြောင်းအတိုင်းလှည့် ပတ်နေကြစဉ်မှာ ရံဖန်ရံခါ တတန်းထဲကျရောက်၊ အနည်းငယ်နီးကပ်လာတာမျိုးရှိပေမဲ့ ဒီဖြစ်စဉ်ဟာ ကမ္ဘာမြေပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားကင်းမဲ့ပါတယ်။

ပြောဆိုချက်- လနဲ့ သောကြာဂြိုဟ်တို့ တတန်းထဲကျရောက်ပြီး ကမ္ဘာပျက်စီးမယ်၊ရန်ကုန်ရေလွှမ်းမိုးပျက်စီးမယ်

Avatar

Title:Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *