
အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့ခဲ့တာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပဲဖြစ်ပါတယ်။
“US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက် ထုတ်မရလို့ ဆန္ဒပြကြပြီ”စသည်ဖြင့်ရေးသားပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ နာမည်တွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်တွေကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ အမေရိကန် အခု တန်ပြန်သက်ရောက်မှုဒဏ်ကိုခံစားနေရ ပြီလို့လည်း ဒီပို့စ်ကဆိုပါတယ်။
တကယ်တော့ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော်က ဘဏ္ဏာရေးအကြပ်အတည်း ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အမေရိကန်မှာ ငွေထုတ်မရလို ဆန္ဒပြနေတယ်ဆိုတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
ပထမဓာတ်ပုံ
အခုဖြန့်ဝေခဲ့ ဓာတ်ပုံတွေထဲက “Bank of America”(အမေရိကားဘဏ်)၊ “Citigroup”၊“Morgan Chase” စတဲ့နာမည်တွေ ရေးသားထားတဲ့ ပိုစတာတွေကို လည်ပင်းမှာချိတ်ဆွဲထားပြီး အဖြူ၊အမဲအဆင်းကြား အင်္ကျီဝတ်ဆင်ထားတဲ့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်အခြေစိုက် မီဒီယာတွေမှာ သုံးစွဲခဲ့တာတွေ့ရပါတယ်။ ဓာတ်ပုံ စာသားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ထောင်နှင့်ချီသော အလုပ်သမားများနှင့် သမဂ္ဂအဖွဲ့ဝင်များသည် အလုပ်အကိုင်ဆုံးရှုံးခြင်းနှင့် အခွန်ထမ်းရန်ပုံငွေ ဘဏ်များ ဒေဝါလီခံရမှုတို့အတွက် ဆန္ဒပြရန် Wall Street သို့ ၂၀၁၀ခုနှစ်ထဲတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ (Timothy A. Clary/AFP/Getty Images)”

မူရင်းလင်ခ့် – Washington Post | Archive link
ဒုတိယဓာတ်ပုံ
ဘဏ်ထိပ်တန်းတာဝန်ရှိသူတွေဖမ်းပါဆိုတဲ့ ပိုစတာဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြနေကြတဲ့ ဓာတ်ပုံကတော့ Lehman Brothers ပြိုကျမှု ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်ုနိုင်ငံက အင်္ဂလန်ဘဏ်အပြင်ဘက်မှာ ဆန္ဒပြစဉ်ကဖြစ်ပါတယ်။

မူရင်းလင်ခ့် – The Guardian | Archive link
တတိယဓာတ်ပုံ
အမေရိကန်အလံနောက်ခံနဲ့ လမ်းကြားတစ်ခုမှာ ဆန္ဒပြနေတဲ့လူအုပ်ဓာတ်ပုံကတော့ လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခုကျော်က ဓာတ်ပုံဖြစ်ပါတယ်။ သတင်းဓာတ်ပုံဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Getty Images တင်ထားတဲ့ ၂၀၀၈ ခုနှစ်၊ ငွေကြေးအကြပ်အတည်းကာလ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်က Wall Street မှာ အရင်းရှင်စနစ်နဲ့ Bush အစိုးရကို ဆန္ဒပြကြစဉ်ကဖြစ်ပါတယ်။

မူရင်းလင်ခ့် – Getty Images | Archive link
စတုတ္ထဓာတ်ပုံ
ဒီလူအုပ်စုဓာတ်ပုံဟာလည်း ၂၀၀၈ ခုနှစ်၊ ငွေကြေးအကြပ်အတည်းကာလ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်က Wall Street မှာ ဆန္ဒပြကြစဉ်က ဓာတ်ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – Flickr | Archive link
သုံးသပ်ချက်
လက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်အဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က ဓာတ်ပုံတွေဖြစ်ပြီး ငွေထုတ်မရလို့ ဆန္ဒပြတယ်ဆိုတဲ့ အချက်အလက်မျိုး လည်းမတွေ့ရပါဘူး။ ပြောဆိုချက်- အမေရိကန်မှာ ငွေထုတ်မရလို ဆန္ဒပြနေတယ်တဲ့ ဓာတ်ပုံတွေ

Title:Fact Check: အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေပုံလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: Misleading