
တရုတ်ပိုက်လိုင်းပေါက်ကွဲလို့ဓာတ်ငွေ့တွေယိုဖိတ်ကုန်ပြီး အစောင့် ၁၀ ပါ တပါတည်း ရှင်းခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ မန္တလေးတိုင်း တောင်သာမြို့အနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဂိတ်စောင့် စစ်တပ်ကို PDF တွေက တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ အခြားသော ပစ်ခတ်တိုက်ခိုက်မှုသတင်းတွေ ကိုမျှဝေနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ မေ ၂၃ ရက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ သတင်းထဲမှာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညဘက်ဖြစ်ပွားတာမို့ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်နဲ့ စစ်သားထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးဘူးလို့ ရေးသားပါတယ်။

ထို့အပြင် အခုသတင်းရဲ့နောက်ဆက်တွဲသတင်းကို လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်ကလည်းဖော်ပြထားပြီး ပိုက်လိုင်းအစောင့်စခန်းမှစစ်သား ၄ဦးသေဆုံးကြောင်း PDF ဘက်ကပြောပြီး ပိုက်လိုင်းကိုတိုက်ခိုက်ခြင်း မဟုတ်ဘဲ စစ်တပ်ဂိတ်စခန်းကိုသာ ဦးတည်တိုက်ခိုက်သွားတာဖြစ်ကြောင်းလည်း ရေးသားပါတယ်။
သုံးသပ်ချက်
သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ တောင်သာမြို့နယ် တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ပိုက်လိုင်းကို တိုက်ခိုက်မှုမလုပ်ခဲ့သလို ပိုက်လိုင်းပေါက်ကွဲယိုစိမ့်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ ထို့အပြင် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်မှာလည်း ချဲ့ကားထားတာတွေ့ရပါတယ်။
ပြောဆိုချက်- တရုတ်ရေနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုက် ပေါက်ကွဲမှုဖြစ်ပြီး အစောင့် ၁၀ ယောက်သေဆုံး

Title:Fact Check: တရုတ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့ယိုဖိတ်ကာ အစောင့် ၁၀ ဦးသေဆုံးတဲ့ သတင်းမှား
Written By: နေရာမောင်Result: False