
ကိုးကန့်ဒေသလောက်ကိုင်မြို့က တရုတ်သံရုံးကို ဗုံးကြဲခံရမှုမှာ သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဒီပို့စ်ကို ရိုက်ကူးထားတဲ့ စခရင့်ရှော့ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုဖြန့်ဝေပြီး ၃ နာရီအတွင်း ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။
“လောက်ကိုင်တရုတ်သံရုံးကို ဗုံးကြဲမိပြီဟေ့ သံရုံးဥက္ကဌနဲ တရုတ်နိုင်ငံသား (၈၀) ကျော်သေကုန်ပြီ တာဝန်ယူရမယ်လို့တရုတ်အမိန့်ထုတ် /ရှုပ်ကုန်ပြီဟေ့”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်ထားတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ရန်ကုန်မှာပဲ အခြေစိုက်ပြီး မန္တလေးမှာတော့ ကောင်စစ်ဝန်ရုံးရှိပါတယ်။ တရုတ်သံရုံးဝက်ဘ်ဆိုဒ်ကို ဒီမှာကြည့်ပါ။
လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်မှုဖြစ်စေ၊ အခုလို သံရုံးဗုံးကြဲခံရမှုဖြစ်စေ အခြားသော သတင်းလုပ်ကိုင် လုပ်ကိုင်နေတဲ့ ယုံကြည်ရတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။
အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Burmese News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ကူးယူးပြီး ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းစဉ်တွေ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေနဲ့ တပ်ကာ ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။
အခုလို လောက်ကိုင်တရုတ်သံရုံးဗုံးကြဲခံရပြီး တရုတ်နိုင်ငံသားတွေ သေဆုံးမှုအဖြစ် ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ လူထုနွေဦးသတင်းဌာနက ဒီဇင်ဘာ ၂၉ ရက်မှာ ဖော်ပြခဲ့တဲ့ “လောက်ကိုင်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ရွှေ့ပြောင်းဖို့ တရုတ်သံရုံးထပ်မံ တိုက်တွန်း”ဆိုတဲ့ သတင်းကို ဖတ်ကြားနေတာတွေ့ရပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ပါဝင်တဲ့ အခြားသော သတင်းတွေဟာလည်း “ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး ခဲယမ်းများသယ်လာပြီး အလင်းဝင်လာ”၊ “မဟာအောင်မြေမြို့နယ်တွင် ကင်းပုန်းဝပ် အရက်သောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်”၊ ရန်ကုန် ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ “မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာအတွင်း ဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ ဦးသေဆုံး”၊ “ငါန်းဇွန်တွင် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့်မိုင်းဆွဲ တိုက်ခိုက်”စတဲ့သတင်းတွေဖြစ်တယ်။
သုံးသပ်ချက်
လောက်ကိုင်မှာ တရုတ်သံရုံးရှိတယ်ဆိုတဲ့အထောက်အထားမရှိသလို တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံးခဲ့တဲ့ ဗုံးကြဲမှုဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။ လောက်ကိုင်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ရွှေ့ပြောင်းဖို့ တရုတ်သံရုံးထပ်မံ တိုက်တွန်းဆိုတဲ့ မီဒီယာတခုက သတင်းဖော်ပြချက်ကို ကူးယူဖြန့်ချိပြီး သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ဖြန့်ဝေနေတဲ့ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ အခုလိုပဲ လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တွေ အသုံးပြုဖြန့်ချိ လေ့ရှိတယ်။
ပြောဆိုချက်- လောက်ကိုင်မှာရှိတဲ့ တရုတ်သံရုံးဗုံးကြဲခံရလို့ တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံး

Title:Fact Check: လောက်ကိုင်က တရုတ်သံရုံးကို ဗုံးကြဲခံရမှု သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံးဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False