Fact Check: ရန်ကုန်မှာ စက်သုံးဆီဆိုင်တဆိုင် တန်းစီစနစ်နဲ့ရောင်းချစဉ် ဗုံးခွဲတိုက်ခိုက် ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းတု

နိုင်ငံရေး၊

ရန်ကုန်မြို့မှာ တန်းစီစနစ်နဲ့ ရောင်းနေတဲ့ ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူအများအပြားသေဆုံးတယ်လို့ဆို တဲ့ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ရုပ်ကတ်ပါစာသားကိုလည်း ကြည့်ပါ။

“(၂၆)ရက် အရေးပေါ်သတင်း ရန်ကုန်မြို့တွင်တန်းစီစနစ်ဖြင့် ရောင်းနေတဲ့ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ ပြည်သူအများအပြားသေဆုံး”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တန်းစီနေစဉ် ဆီဆိုင်တဆိုင် ဗုံးခွဲတိုက်ခိုက်ခံရလို့ အများအပြားသေဆုံးတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်း အမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပဲ ပြန်လည် ကူးယူဖော်ပြပြီး ထင်ယောင်ထင်မှား ဖြစ်ဖွယ်သတင်းခေါင်းစဉ်တပ်ပြီး ဖြန့်ချိနေတာတွေ့ရပါတယ်။

၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲက အသံနဲ့ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ တကယ်တမ်းတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသော စစ်ကောင်စီက ပို့ကုန်ရငွေများကို ပြည်တွင်းဘဏ်များထံသို့ အမြန်ဆုံးပေးသွင်းရန် ပို့ကုန်လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို ထပ်မံ ဖိအားပေး”ဆိုတဲ့အကြောင်းအရာကို ဖတ်ကြားနေခြင်းဖြစ်တယ်။

နောက်ထပ်သတင်းတွေကတော့ သံလွင်တိုမ်းသတင်းဌာနကဖော်ပြခဲ့တဲ့ “ဘီးလင်း နှစ်ဖက်တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ”၊ “မြစ်သာတမံစခန်းသိမ်းတိုက်ပွဲတွင် ကာကွယ်ရေးရဲဘော် ၁ ဦးကျဆုံးပြီး စစ်ကောင်စီ ၄ ဦးသေဆုံး” ၊ “စစ်ကောင်စီက မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများညီလာခံ ပြင်ဆင်ရေးအတွက် အသုံးပြုနေတဲ့ Gmail အကောင့်ကို ပိတ်ပစ်ဖို့ တောင်းဆိုမှုများရှိနေ” စတဲ့သတင်းတွေ သာဖြစ်တယ်။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ စက်သုံးဆီ တင်သွင်းဖို့ အမေရိကန်ဒေါ်လာ ပြတ်နေလို့ စစ်ကောင်စီက ပို့ကုန်ရငွေတွေကို ပြည်တွင်း အမြန်ဆုံးပြန်လွှဲဖို့ ပို့ကုန်လုပ်ငန်းရှင်နဲ့ ကုမ္ပဏီတွေကို ဖိအားပေးတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ဝေနေခြင်းဖြစ်တယ်။ ရန်ကုန်မှာ စက်သုံးဆီအရောင်းဆိုင် ဗုံး‌ပေါက်လို့ အများအပြားသေဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: ရန်ကုန်မှာ စက်သုံးဆီဆိုင်တဆိုင် တန်းစီစနစ်နဲ့ရောင်းချစဉ် ဗုံးခွဲတိုက်ခိုက် ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *