Fact Check: နားလည်မှုလွဲစေနိုင်တဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်းတု

Misleading နိုင်ငံရေး | Politics

နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချကာ  ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ကာကွယ်‌ရေးဦးစီးချုပ်ရာထူးပေးလိုက်တယ်၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်ပွားတယ်လို့ ဆိုပြီးယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအချို့က ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“(၁၈)ရက်နေ့အထူးသတင်းကောင်း မင်းအောင်လှိုင်ဖြုတ်ချခံလိုက်ရ စိုးဝင်းကိုကာချုပ်ရာထူးပေးပြီ” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုမျိုး အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းအရာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုခေါင်း‌ဆောင်ပိုင်းအပြောင်းအလဲသတင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဌာနဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။

အခု ဗွီဒီယိုထဲပါတဲ့ သတင်းကတော့ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသဘုန်းကြီးများနှင့် တပ်ထောက်ခံသူများတောင်းဆို”ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဒီလိုရေးသားဖြန့်ဝေတာတွေကို ကြည့်မယ်ဆိုရင် စစ်တပ်ထောက်ခံသူ မဘသ ဘုန်းကြီးတပါးဖြစ်တဲ့ ပေါက်ကိုယ်တော်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နုတ်ထွက်ခိုင်းတဲ့ ဟောပြောချက်အပြီး မှာ အခုလိုမျိုး ထင်ယောင်ထင်မှားဖြစ်ဖွယ်ဖြန့်ချိလာတာဖြစ်တယ်။  

ဒီလိုဟောပြောခဲ့တဲ့ ပေါက်ကိုယ်တော်ကိုလည်း စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ထို့အပြင် အခုလိုပဲ မြန်မာ့အသံလွှင့်ရုံရှေ့ တင်ကားအပြည့်ချထားပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ ဖုန်းအချို့လည်း ပိတ်ခံထားရတယ်လို့ ဆိုထားပြီး အရင်စစ်တပ်အကြီးအကဲဟောင်းတွေနေရာကိုလည်း စစ်သားတွေ တွေ့ရတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။ ဒီသတင်းကို စတင်ဖြန့်ဝေခဲ့တဲ့ Freedom News Group အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လည်း အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်အကြောင်းအရာတွေကို မကြာခဏရေးသားဖြန့်ဝေလေ့ ရှိတာတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာကို ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စာနယ်ဇင်း‌ကောင်စီက သတင်းတုသတင်းမှားတွေ ဖြန့်နေတဲ့ စာမျက်နှာအဖြစ်ဖော်ပြခဲ့ဖူးပါတယ်။

သုံးသပ်ချက်

နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချကာ  ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ကာကွယ်‌ရေးဦးစီးချုပ်ရာထူးပေးလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်ပြီ၊ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်းပြီဆိုတဲ့ သတင်းခေါင်း စဉ်တွေဟာ သတင်းတုဖြန့်ချိသူတွေအကြား မကြာခဏဖြန့်ဝေနေတဲ့ ခေါင်းစဉ်ဖြစ်တယ်။ အခုလည်း တပ်ထောက်ခံသူအချို့က စစ်ခေါင်းဆောင်နုတ်ထွက်ပေးဖို့ တောင်းဆိုချက်ကို နားလည်မှုလွဲစေတဲ့ အရေးအသားနဲ့ သတင်းမှားဖြန့်ချိလာတာဖြစ်တယ်။

ပြောဆိုချက်-  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ကာ/ချုပ်ရာထူးပေး

Avatar

Title:Fact Check: နားလည်မှုလွဲစေနိုင်တဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်းတု

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *