
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့
မအလ နှုတ်ထွက်ပြီတဲ့ကွ
စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး
ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံမှာ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုရေးသားကာ လူကြည့်များအောင် လုပ်ဆောင်နေတာတွေ့ရသလို အချို့သော ဗွီဒီယိုတွေမှာတော့ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတွေကို ဖြန့်ချိနေတာတွေ့ရပါတယ်။
ဒီအပြင် ဗွီဒီယိုကို ထပ်မံလေ့လာကြည့်မယ်ဆိုရင် “AUNG VLOG”အမည်နဲ့ ယူကျူ့ ဗွီဒီယိုထဲမှာပါတဲ့ “ဒီနေ့တင်ဆက်ဖို့ ရွေးချယ်ထားတဲ့ သတင်းတွေကတော့ လုံးထင်မှတ်မထားတဲ့ သတင်းကြီးပါ။ မင်းအောင်လှိုင် ကျန်းမာရေးအရ ရာထူးကနုတ်ထွက်ကြောင်း ကြေညာပြီး ရုရှားနိုင်ငံကို ဆေးကုသဖို့သွားပြီဟုဆိုထားပေမဲ့ သူနဲ့အတူ တခြားစစ်ဗိုလ်ချုပ်တွေလည်း တရုတ်နဲ့ ရုရှားကို အသီးသီးထွက်ခွာသွားကြလို့ တပ်ထဲမှာတော့ မင်းအောင်လှိုင်၊ သူ့လူတွေဟာ ခေါင်းရှောင်ထွက်ပြေးသွားလို့ ဝေဖန်နေကြတယ်ဆိုတဲ့ သတင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းများကို တင်ဆက်ပေးပါ့မယ်။”စသည်ဖြင့်လည်း ဗွီဒီယိုထဲမှာ ဖော်ပြပါတယ်။
အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ နုတ်ထွက်တဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။
တကယ်တမ်းမှာ စစ်ခေါင်းဆောင်ဟာ ဧပြီ ၂၄ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးကို နေပြည်တော် တွေ့ဆုံခဲ့ပါသေးတယ်။ ဒုတိယစစ်ခေါင်းဆောင်ဟာလည်း တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခံရအပြီး ရရှိထားသည့်ဒဏ်ရာများကို အသားအစားထိုးကုသနေရ၍ စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအဝေးကို တက်ရောက်ခြင်းမရှိတာလို့ Ayeyarwaddy Times သတင်းဌာနကရေးသားပါတယ်။

သုံးသပ်ချက်
သတင်းတုဖြန့်ဝေနေခြင်းဖြစ်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားသံ အမတ်နဲ့ ဧပြီ ၂၄ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့သေးသလို ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာလည်း ဒဏ်ရာကြောင့် အစည်းအဝေးမတက်ရောက်တာသာဖြစ်တယ်။
ပြောဆိုချက်- စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ပြီး ရုရှားပြေး

Title:Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False