Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“လူထုခေါင်းဆောင် ထွက်လာပြီ

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် ကို အပြင်ထုတ်ပြီ

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီ ၈နာရီအတွင်း ထူးမယ်”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ စီးပွားရေးလည်းမကောင်း၊ ကမ္ဘာ့ဘဏ်ကလည်း ငွေမချေး၊  ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာက အသိအမှတ်မပြုလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ကို စစ်တပ်က ထုတ်သုံးလာတဲ့အနေနဲ့ ဒီလို ပြန်လွှတ်လိုက်တာဆိုပြီးတော့ ပြောဆိုထားပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို NUG ကိုဖျက်သိမ်းဖို့နဲ့ PDF တွေ လက်နက်ချဖို့အတွက် စစ်တပ်က ကြိုးပမ်းလာတဲ့ ခြေလမ်းဖြစ်တယ်စသည်ဖြင့်လည်း သုံးသပ်ထားတယ်။ 

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တပ်ကနေ အနားယူခဲ့ပြီး နှစ်ရှည်လများ  နေအိမ်အကျယ်ချုပ်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနည်းလမ်းအတိုင်းပဲ လက်ရှိ စစ်တပ်ခေါင်းဆောင်ဟာ ၄င်းတို့စိတ်တိုင်းကျ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးပြီး ရင် ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည်လွှတ်ပေးလိမ့်မယ်လို့ဆိုတဲ့ ခန့်မှန်းချက်တွေ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ချက်ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုဝင်ဖြစ်တဲ့ သားဖြစ်သူနဲ့တောင် တွေ့ခွင့်မရဘဲ စစ်တပ်က လျှို့ဝှက်ထားတဲ့ အခြေအနေမှာရှိနေပါတယ်။

သုံးသပ်ချက်

 “The Daily Lens”ဟာ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်လိုက်ပြီဆိုတာ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ 

ပြောဆိုချက်- ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေး

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *