ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ မိန့်ခွန်းပြောခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတခုကို “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ဒေါ်စု မိန့်ခွန်းပြောပြီ
မြန်မာပြည်သူ မှန်သမျှ ချက်ချင်း နားထောင်ပေးပါ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်မှာ ချပြပြီ”

အချက်အလက်စိစစ်ချက်
“The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက် စိစစ်ချက်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစ ရုပ်ကတ်နဲ့ စာသားဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ မိန့်ခွန်းပြောတယ်လို့ ဆိုပြီး ဘီးတပ်ကုလားထိုင်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည် စကားပြောနေဟန်နဲ့ သူ့နောက်မှာ စစ်တပ်ဝတ်စုံဝတ် အရာရှိကြီးတွေက လက်ခုပ်တီးနေပုံနဲ့ ဗွီဒီယိုကို ဖော်ပြထားပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဒီသတင်း ဖော်ပြချက်မျိုး မတွေ့ရပါဘူး။ ဒီလို ဓာတ်ပုံမျိုးကို ဉာဏ်ရည်တုနည်းပညာအသုံးပြုပြီး အလွယ်တကူဖန်တီးနိုင်ပါတယ်။

ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာတော့ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်မှာ စကားပြောဆိုတဲ့ အကြောင်းမပါဝင်ဘဲ စစ်တပ်ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံတကာက ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ တွမ်အန်ဒရူး (Tom Andrews) ပြောကြားခဲ့တာကို ဖော်ပြထားတယ်။ နောက်ထပ်အနေနဲ့ လူထုနှင့် ကင်းကွာပြီး နိုင်ငံရေးသဘော မဆန်ခဲ့တာတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီက ဝန်ခံပြောကြားခဲ့မှု စတာတွေကို ဖော်ပြထားတယ်။

သုံးသပ်ချက်
“The Daily Lens” ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားချက် အထောက်အထား မရှိချိန်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဘီးတပ်ကုလားထိုင်နဲ့ စကားပြောနေဟန် ဗွီဒီယိုဟာ ဉာဏ်ရည်တု နည်းပညာ အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ မိန့်ခွန်းပြော
Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ စကားပြောတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

