
အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။
“ယနေ့ အဆိုတော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။
ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber ဗုဒ္ဓဘာသာကို ကူးပြောင်းပြီး ဘုန်းကြီးဝတ်တဲ့အကြောင်းအရာဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာကတည်းက Justin Bieber ဗုဒ္ဓဘာသာပြောင်းပြီး မြန်မာနိုင်ငံမှာ သင်္ကန်းဝတ်နေတယ်ဆိုပြီးတော့ သတင်းမှား စတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သင်္ကန်းအနီရောင်နဲ့ ဓာတ်ပုံဟာ Justin Bieber နဲ့ မျက်နှာကို ဓာတ်ပုံပြုပြင်နည်းနဲ့ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပြီး ဆံပင်ရိတ်နေတဲ့ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံက လူငယ်ခြေတက် အဆိုတော် ဟိန်းမင်းသူ ၂၀၁၉ ခုနှစ်ထဲမှာ ဘုန်းကြီးဝတ်စဉ်က ဓာတ်ပုံဖြစ်ပါ တယ်။ India Today အပါအဝင် အခြားသောအချက်အလက်စိစစ်ရေးအဖွဲ့တွေက ၂၀၁၉ ခုနှစ်ထဲမှာ အချက်အလက်စိစစ် ထားတာကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။

တကယ်တော့ ဒီသတင်းမှားကို Cele Cele Small အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက စတင်ဖြန့်ဝေခဲ့ပြီးနောက်မှာ ဘင်္ဂလီဘာသာနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။
ထို့အတူ Taylor Swift ဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။
သုံးသပ်ချက်
Taylor Swift ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းတယ်ဆိုတဲ့အထောက်မရှိသလို Justin Bieber ဗုဒ္ဓဘာသာဝင် အဖြစ်ကူးပြောင်းတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ Justin Bieber ဘုန်းကြီးဝတ်တယ်ဆိုပြီး ဖော်ပြနေတဲ့ ဓာတ်ပုံဟာ မြန်မာလူငယ်အဆိုတော် ဟိန်းမင်းသူရဲ့ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False