
ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှားပို့စ်တခု နိုဝင်ဘာ ၁၈ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“ဆိုက်ကလုန်းမုန်တိုင်းထက်(၃)ဆပိုပြင်းမည်
လူပေါင်း(၉)သန်းသေနိုင်တယ်တဲ့
အခုကြေညာတဲ့မြို့ (၉၃)ခု ချက်ချင်းရှောင်ကြပါ
၁၈/၁၉(၂)ရက်အတွင်းဝင်မည်
ပညာရှင် ဦးဝင်းနိုင် အထူးသတိပေးကြေညာပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။
အခုလည်း မြန်မာနိုင်ငံက မြို့ပေါင်း ၉၃ မြို့က လူပေါင်း ၉ သန်းသေဆုံးနိုင်တဲ့ အထိ ထိခိုက်ခံစားရနိုင်တဲ့ မုန်တိုင်းကြီးဆိုတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့အကြောင်းအရာဟာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာဖော်ပြခဲ့တဲ့ “ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဖီလစ်ပိုင်နိုင်ငံ၊ လူဇုန်အလယ်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း“မန်ရီ”(MAN-YI)သည် တောင်တရုတ် ပင်လယ်ပြင်သို့ ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။”ဆိုတဲ့ ထုတ်ပြန်ချက်ကို လိုအပ်သလို ချဲ့ကားရေးသားနေခြင်းသာဖြစ်တယ်။
ဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ နေရာ ကွက်ကျား မိုးရွာမယ့်အကြောင်းနဲ့ မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်လို့ ကြိုတင် သတိပြုနိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားတာလည်းဖြစ်ပါတယ်။
သုံးသပ်ချက်
ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မုန်းတိုင်းဝင်မယ်ဆိုတာ သတင်းတုသာဖြစ်တယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာထုတ်ပြန်ခဲ့တဲ့ သာမန် မိုးလေဝသဖြစ်စဉ်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။
ပြောဆိုချက်- ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မုန်းတိုင်းဝင်မယ်

Title:Fact Check: ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်း တိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှား
Fact Check By: Zun ZeeResult: False