Fact Check: စစ်တပ်က ဖြုတ်ချလိုက်တဲ့ တိုင်းမှူး NUG နဲ့ ပူးပေါင်းတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်တပ်ကဖြုတ်ချလိုက်တဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးဟာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ် ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၉) ရက်နေ့ နေ့လည် (၁)နာရီ အရေးပေါ် ရာထူးကဖြုတ်ခံရတဲ့  နမခတိုင်းမှူး NUG နဲ့ပူး‌ပေါင်းလိုက်ပြီ“စသည်ဖြင့်ရေးသားထားသလို “ရာထူးဖြုတ်ချခံရတဲ့ တိုင်းမှူး NUGနဲ့ပူးပေါင်းလိုက်ပြီ 9 Aug2023”စသည်ဖြင့်လည်း ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။ ဒီလိုယူကျူ့ချန်နယ်တွေနဲ့ ပတ်သတ်တဲ့ Fact Crescendo Myanmar က အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ်မြသက်ဦးနေရာမှာ အစားထိုးခန့်အပ်ခံရတဲ့ တိုင်းမှူးအသစ် အိပ်မပျော်လို့ အိပ်ဆေးသောက်အိပ်နေရ၊ လောင်းလုံးမြို့နယ် မိုး/ဇလရုံးအနီး တိုက်ပွဲဖြစ်၊ လေးမျက်နှာမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံ အချုပ်သားများအ‌ပေါ် ထမင်းထုပ်နှင့် ဆေးဝါး ပို့ဆောင်ခွင့်ပိတ်ပင် စတဲ့ သတင်းတွေကို ဖတ်ကြား နေခြင်းဖြစ်တယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေါ့ လျော့မှု ၊ အထက်က ပေးအပ်သည့် အမိန့်နှင့်တာဝန်ကို မကျေပွန်မှု၊ မလိုက်နာမှုများဖြင့် ဖမ်းဆီး အရေးယူခံရခြင်းဖြစ်ပြီး တပ်တွင်းပုန်ကန်မှုမဟုတ်ကြောင်းလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်က ရေးသားပါတယ်။

ထို့အပြင် နေပြည်တော်မှာ ဖမ်းဆီးစစ်‌ဆေးနေတယ်လို့သတင်းထွက်ခဲ့တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ဟာ ၂၀၂၃ ခုနှစ် ဇွန်လထဲမှာ လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာပါတယ်။

သုံးသပ်ချက်

စစ်တပ်ကဖြုတ်ချလိုက်တဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးဟာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပူးပေါင်းလိုက်တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အခုလို သတင်းခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုထဲမှာလည်း နမခတိုင်းမှူး NUG နဲ့ပူးပေါင်းလိုက်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရသလို နမခတိုင်းမှူးဟာ စစ်ကောင်စီရဲ့ ဖြုတ်ချခံရခြင်းလည်းမရှိပါဘူး။  

ပြောဆိုချက်- ရာထူးကဖြုတ်ခံရတဲ့ နမခတိုင်းမှူး NUG နဲ့ ပူးပေါင်းလိုက်တယ်

Avatar

Title:Fact Check: စစ်တပ်က ဖြုတ်ချလိုက်တဲ့ တိုင်းမှူး NUG နဲ့ ပူးပေါင်းတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *