
စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ လေယာဉ်တွေ ပစ်ချခံရတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နိုင်မှုအားသာချက်ကို အသုံးပြုပြီး နိုင်ငံအနှံ့က တော်လှန်တိုက်ခိုက်မှုတွေကို ထိန်းချုပ်နေရတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်သေကြေရမှုဟာ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း ခေါင်းခဲစရာကိစ္စရပ် တခုပါ။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။
“(၇)ရက်နေ့ မနက်ခင်းအထူးသတင်း KIA ဝေဟင်ပစ်လက်နက်နဲ့ Mi-35 ရဟတ်ယာဉ် ပစ်ချခံရ လေဘဲဗိုလ်အပါ စစ်ခွေး(၃၀)ဦးသေဆုံး”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အလားတူ TNLA ကရဟတ်ယာဉ်ပစ်ချလိုက်တယ်၊ ရန်ကုန်မှာ ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။
အချက်အလက်စိစစ်ချက်
သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဗွီဒီယိုပုံစံနဲ့ သတင်းတွေကိုပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ မူလဖော်ပြချက်တွေမှာ စစ်ကောင်စီဘက်က လေယာဉ်၊ ရဟတ်ယာဉ် ပစ်ချခံရမှုအကြောင်း မပါဝင်ပါဘူး။ စက်တင်ဘာ ၇ ရက်နေ့က “MyanmarHot News” အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုထဲမှာ “KIAဝေဟင်ပစ်လက်နက်နဲ့ Mi-35ရဟတ်ယာဉ်ပစ်ချခံရ လေဘဲဗိုလ် အပါစစ်ခွေး(၃၀)ဦးသေဆုံး”လို့ ရေးသား ထားပေမဲ့ ဗွီဒီယိုပါသတင်းမှာ ဒီအကြောင်းမပါဝင်ပါဘူး။ ဒီသတင်းကို ယုံကြည်ရ လောက်တဲ့ သတင်းအရင်း အမြစ်တွေက ဖော်ပြချက်လည်းမရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုမှာ ဖော်ပြထားတဲ့ သတင်းဟာ People’s Spring သတင်းဌာနကဖော်ပြခဲ့တဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်မှ စစ်အင်အား စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းသယ်ဆောင်လာသည့် စစ်ကား အစီးရေ ၂၀ပါ ယာဥ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြား ရေးဌာနက ထုတ်ပြန်လာ ကြောင်း သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
ဒီသတင်းရဲ့ နောက်ဆက်တွဲအဖြစ် ခလားယန် (Hkala Yang)မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းအထိနာနေပြီး စစ်ကောင်စီဘက်က ၃၀ ဦးသေဆုံးခဲ့တယ်ဆိုပြီးတော့ Kachin News Group ကဖော်ပြခဲ့ပါသေးတယ်။
ထို့အပြင်နောက်ထပ် ဒီဗွီဒီယိုပါ သတင်းတပုဒ်ဟာ စက်တင်ဘာ ၆ ရက်က “ယင်းမာပင်တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ၊ မြိုင်တွင် ရိက္ခာပို့ရန် လူစုနေသည့် စစ်သားများ အား ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်မှု ၃ ဦး သေဆုံး”ဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖြစ်တယ်။ ဒီမှာကြည့်ပါ။
အခြား ဗွီဒီယိုတွေဟာလည်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှု သတင်း တွေကို ဒီလိုပဲ ခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။
သုံးသပ်ချက်
PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲသတင်းတွေကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတိုက်လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ကို ယခု ရက်ပိုင်းပစ်ချခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။
ပြောဆိုချက်- KIA နဲ့ TNLA က စစ်ကောင်စီ ရဟတ်ယာဉ်ကို အသီးသီး ပစ်ချ

Title:Fact Check: စစ်ကောင်စီ ရဟတ်ယာဉ်၊လေယာဉ်ပစ်ချမှုဆိုတဲ့ သတင်းတုတွေဖြစ်တယ်
Written By: နေရာမောင်Result: False