Fact Check:  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့ စစ်တပ်က ကုလအတွင်းရေး မှူးကို လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ သတင်းတု

နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲပေးမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို မြန်မာ စစ်တပ်က လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုဖြစ်တယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့  မြန်မာစစ်တပ်အကြီးအကဲနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပေမဲ့ တစ်စုံတစ်ရာ ရလာဒ်ထွက်‌ပေါ်ခြင်းမရှိပါဘူး။

‌အောက်ပါစခရင်ရှော့ကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “UN အတွင်း‌ရေးမှူးချုပ်ကို ဒေါ်စုကိုအာဏာလွှဲဖို့ မအလ လက်မှတ်ထိုးပေးလိုက်ပြီ”လို့လည်း ဗွီဒီယိုထဲမှာရေးသားထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘန်ကီမွန်း လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စာရေးသားနေတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ဗွီဒီယို‌ခေါင်းစီးစာသား မှာလည်း “UNကို မအလ ကတိပေး လက်မှတ်ထိုးပြီ။ အမေစူကို အာဏာလွှဲမယ်” (မူရင်းအရေးအသား) လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုခေါင်းစီးစာသားနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသားတွေမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို အာဏာပြန်လွှဲဖို့ သဘောတူလက်မှတ်ထိုးလိုက်တယ်လို့ရေးသားထားပေမဲ့ ‌ဗွီဒီယိုထဲမှာ ဖတ်ကြား နေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “နိုင်ငံရေး ထွက်ပေါက် ပိတ်နေသည့် မင်းအောင်လှိုင်က ဘန်ကီမွန်း နေပြည်တော် လာရောက်ရန်   အထူးလျှို့ဝှက် အချိန်ယူ စီစဉ် ဖိတ်ကြား”ဆိုတဲ့ သတင်းကိုဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာအသုံးပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံနေတဲ့ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်ဖိတ်ကြားချက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကိုလာ ရောက်ခဲ့တဲ့ ခရီးစဉ်က ဓာတ်ပုံဖြစ်ပါတယ်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဟာ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ဧပြီ ၂၃ ရက်ကနေပြည်တော်ကိုရောက်ရှိလာပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ ဧပြီ ၂၄ ရက် မနက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပေမဲ့ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘူးလို့လည်း ဘီဘီစီ မြန်မာပိုင်းက ရေးသားပါတယ်။ ဒီလင့်ခ်မှာ သတင်းအပြည့်အစုံကို ကြည့်ပါ။

မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်မှုပေးသလိုမျိုး ဖြစ်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကဝေဖန်ပါတယ်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့လို့ မြန်မာလိုဘာသာပြန်တဲ့ The Elders အဖွဲ့မှာလည်း မစ္စတာဘန်ကီမွန်းဟာ ဒုတိယ ဥက္ကဌတာဝန်ယူထားပြီး သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ဒီအဖွဲ့က ထုတ်ပြန်ချက်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ အပြည့်အစုံ ကို ဒီလင့်ခ်မှာ ဖတ်ပါ။

သုံးသပ်ချက်

မစ္စတာဘန်ကီမွန်းဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး ကုလသမဂ္ဂကို ကိုယ်စားပြု လာရောက်ခြင်းမဟုတ်ပါဘူး။ မြန်မာစစ်တပ်အကြီးအကဲရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တဲ့ ဒီခရီစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာလည်း တစ်စုံတစ်ရာ သဘောတူညီချက်မရရှိပါဘူး။ ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို  အာဏာပြန်လွှဲပေးဖို့ UN အတွင်းရေးမှူးချုပ်ကို စစ်တပ်က လက်မှတ်ထိုးပေးလိုက်ပြီ

Avatar

Title:Fact Check:  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့ စစ်တပ်က ကုလအတွင်းရေး မှူးကို လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *