စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ထောက်ခံပြောကြား ချက်၊ ကန့်ကွက်ချက်တွေအဖြစ် ဗွီဒီယိုတွေယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာခဲ့အပြီးမှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေလာ နေတာတွေ့ရပါတယ်။

အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိတယ်။ ဗွီဒီယိုခေါင်းစဉ်မှာ “မြင့်မြတ်လည်း ဒဲ့ပြောပြီလေ”လို့ ရေးသားလျှက် ဗွီဒီယိုထဲက ရုပ်ကတ်ထဲမှာတော့“မဖြစ်မနေ စစ်မှု့ထမ်းရမယ့် ကိစ္စကို လုံးဝကန့်ကွက်ပါတယ် “မြင့်မြတ်””စသည်ဖြင့်လည်း ရေးသားထားပြီး ဒီလိုကန့်ကွက် ခဲ့တဲ့အကြောင်း နောက်ခံအသံနဲ့ပြောကြားချက်ထဲမှာလည်း ဖတ်ကြားနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

ဒီချန်နယ်ကပဲ နောက်ထပ် ဗွီဒီယိုတခုမှာတော့ သရုပ်ဆောင်ခန့်စည်သူက စစ်မှုထမ်းဥပဒေကို ကန့်ကွက်တယ်လို့ ရေးသားဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုဟာလည်း ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ ဒီမှာကြည့်ပါ။

ဒီလိုပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သရုပ်ဆောင် မင်းမော်ကွန်းက စစ်မှုမထမ်းဘဲ သူ့ဆီလာနေဖို့‌ခေါ်တဲ့အကြောင်း ရေးသားဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိခဲ့ပါတယ်။ ဒီမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

အခုလိုဖော်ပြထားတဲ့ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်မှာ ရေပန်းစားတဲ့အကြောင်း အရာတွေကို ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေတာတွေ့ရတယ်။

အခုလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်က စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ တယ်လို့ ရေးသားထားပေမဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြချက်မတွေ့ရပါဘူး။ အနုပညာရှင်တွေအကြောင်း အဓိကဖော်ပြနေတဲ့ မီဒီယာတွေမှာလည်း ဒီသတင်းကို မတွေ့ရပါဘူး။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကို ကြည့်ပါ)

အခြားသော ခန့်စည်သူ၊ ပြေတီဦး၊ ကျော်သူ၊မင်းမော်ကွန်း၊ နေတိုး၊ သဇင်စတဲ့ သရုပ်ဆောင်တွေရဲ့ ပြောကြားချက် တွေ အဖြစ်ဖော်ပြ နေတာကလည်း အထောက်အထားမရှိပါဘူး။ ခန့်စည်သူဟာ စစ်တပ်ထိပ်ပိုင်း ကျောထောက် နောက်ခံရှိသူ တဦးဖြစ်ပြီး မကြာသေး ခင်ကမှ စစ်ကောင်စီရဲ့ ရုပ်ရှင်အစည်းအရုံးက ပေးအပ်တဲ့ ဆုကို လက်ခံ ရရှိထားသူဖြစ်တယ်။ ပြေတီဦးကတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံခဲ့ရတဲ့ သရုပ်ဆောင်တယောက် ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ထောင်က ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်တယ်။

ဗွီဒီယိုထဲမှာ ရုပ်ရှင်သရုပ်ဆောင်တွေ စကားပြောနေဟန် ရုပ်ကတ်နဲ့ ဓာတ်ပုံတွေဟာလည်း အခြားသော မီဒီယာ တွေက ဖော်ပြခဲ့တဲ့ မသက်ဆိုင်တဲ့ ရုပ်ကတ်တွေကို ပြန်လည်အသုံးပြုထားခြင်းဖြစ်တယ်။

သုံးသပ်ချက်

Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အနုပညာရှင်တွေကို ဦးတည်ပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် လုပ်ကြံ သတင်းတွေကို ဖြန့်ချိနေတဲ့ နေရာတခုသာဖြစ်တယ်။ ဒီချန်နယ်မှာဖော်ပြထားသလို ရုပ်ရှင်သရုပ်ဆောင်တွေက စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမရှိသလို သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကလည်း ပြောကြားခဲ့တာမတွေ့ရပါဘူး။

Avatar

Title:Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ

Written By: နေရာမောင်

Result: Misleading