Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

False နိုင်ငံ‌‌ရေး

မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ 

“ထိုင်းဝင်ကူနေပြီဟေ့

ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ

တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ

ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို မြဝတီမှာ ထိုင်းက သို့မဟုတ် KNU က မြန်မာစစ်တပ်လေယာဉ်ကို ပစ်ချတယ်ဆိုတဲ့ အချက်အလက် စိစစ်ကြည့်ရာမှာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲတပ်ဖြန့်ချိ လေ့ရှိတဲ့ ယူကျူ့ချန်နယ်တွေက ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ 

ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ မြဝတီမြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက် သွားမယ်လို့  KNU ပြောခွင့်ရ ပဒိုစောတောနီး ပြောကြားချက်နဲ့ အခြားသော တိုက်ပွဲသတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်တယ်။

ဧပြီလ ၁၁ ရက်က ထိုင်းကာကွယ်ရေးဝန်ကြီး  Suthin Klangsaeng က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်မှာ မြန်မာတိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်လာပါက ၅ မိနစ်အတွင်း ချက်ချင်း တုံ့ပြန် တိုက်ခိုက်ရန်ပါရှိပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတာ အမှတ်(၂)က တံတားမှာ ခိုအောင်းနေတဲ့ ခလရ ၂၇၅ က စစ်ကောင်စီတပ်သားတွေကို KNLA ပူပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုမှာ မြန်မာစစ်တပ်ဘက်က လေယာဉ်ပစ်ကူနဲ့ အပြင်းအထန် ကာကွယ်ခဲ့ပေမဲ့ အရင်တိုက်ပွဲတွေမှာ ထိုင်းနယ်နိမိတ်ကို ကျော်လွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုမျိုးဖြစ်စေ၊ ထိုင်းက မြန်မာစစ်တပ် လေယာဉ်ကို ပစ်ချမှုဖြစ်စေ၊ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်အကြား ပွတ်တိုက်မှုဖြစ်စေ ထိုင်းအခြေစိုက် သတင်းဌာနတွေအပါအဝင် မြန်မာဘာသာနဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကထွက်ပြေးသွားသူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လက်နက်ချဖို့ ညှိနှိုင်းပေမဲ့ ထိုင်းနယ်စပ်အနီး ထိုင်း-မြန်မာချစ်ကြည်ရေးတံတာအမှတ် ၂ အနီးထွက်ပြေးခိုအောင်းနေတာကြောင့် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြန်မာစစ်တပ်ဘက်က လေယာဉ်ပစ်ကူနဲ့ အပြင်းအထန်ခုခံခဲ့တာတွေ့ရပါတယ်။ ထိုင်းစစ်တပ်ကလည်း မြန်မာလေယာဉ်တွေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက် ပြန်လည်တိုက်ခိုက်ဖို့ အမိန့်ပေးထားတဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပေမဲ့  မြဝတီအနီးက တိုက်ပွဲတွေမှာ  မြန်မာစစ်တပ်လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အထောက်အထားမရှိသလို ထိုင်းဘက်ကို မြန်မာတိုက်လေယာဉ် တွေ ဖြတ်ကျော်ဝင်ရောက်လို့ ပစ်ချခံရတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ထိုင်းနဲ့ KNU ပစ်ချ

Avatar

Title:Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *