Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။

အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။

“အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အခုလည်း ဗွီဒီယိုမှာပါဝင်တဲ့အကြောင်းအရာဟာ အမေရိကန် အားပေးထောက်ခံမှုနဲ့ NUG ဟာ နိုင်ငံတကာမျက်နှာစာမှာ ရှေ့တန်းရောက်လာနေပြီး ၂၀၂၃ ခုနှစ်ဟာ နှစ်ဖက် စလုံးအတွက် အဆုံးသတ် နှစ်တစ်နှစ်ဖြစ်နေတဲ့အကြောင်း၊ စစ်ရေးအရ ပိုမိုပြင်းထန်လာဖို့ပဲရှိတော့တဲ့အကြောင်း လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ အတွေးအမြင်တစ်ခုကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။ 

အမှန်တကယ်မှာ NUG နဲ့ မြန်မာစစ်တပ်ဟာ တစ်စုံတရာ တွေ့ဆုံညှိုနှိုင်းမှုမရှိပါဘူး။ ဒီဇင်ဘာ ၁ ရက်နေ့မှာ REUTERS NEXT – “Leadership Summit နှင့် Global Broadcast” အစီအစဉ်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက တွေ့ဆုံဆွေးနွေးရေးမူဝါဒအဖြစ် အချက် ၅ ချက်ကို ဖြေကြားခဲ့တာရှိပေမဲ့ မြန်မာစစ်တပ်ဘက်က NUG နဲ့တွေ့ဆုံဆွေးနွေးရေး မူဝါဒမရှိပါဘူး။

သတ်မှတ်ချက် ၅ ချက်ဖြစ်ထဲမှာ အာဆီယံရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ပြည်သူလူထုကို သတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ တပ်မတော်ဟာ နိုင်ငံရေးလောကက လုံးဝစွန့်ခွာရမယ်၊ နိုင်ငံတကာက နိုင်ငံသားတွေ ပေါ်ပေးတဲ့အကူအညီကို အနှောင့်အယှက်မပြုရရန်၊ ၂၀၀၈ အခြေခံဉပဒေဟာ ဒီမိုကရေစီနဲ့ မညီလို့ ဖျက်သိမ်း တာကို လက်ခံရမယ်၊ ဒီသဘောတူညီချက်တွေကို နိုင်ငံတကာကနေ ကြားခံအာမခံပါဝင်ပေးမှုတွေရှိမယ်ဆိုရင် ဆွေးနွေးဖို့ဖြစ်နိုင်မယ်လို့ ဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။ ဒီအချက်တွေကို မြန်မာစစ်တပ်က NUG နဲ့ သဘောတူညီမှုအဖြစ် ဒီဇင်ဘာအစောပိုင်းမှာ သတင်းမှားဖြန့်ချိခဲ့ပါသေးတယ်။ အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာကြည့်ပါ။

မြန်မာစစ်တပ်ဘက်ကတော့ ၂၀၀၈ အခြေခံဉပဒေကို လက်ရှိအချိန်အထိကိုင်ဆွဲထားတယ်လို့ ကြွေးကြော်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ ဆွေးနွေးမှုလမ်းကြောင်းနဲ့ ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတဲ့လမ်းကြောင်းကို ဦးတည်ထားပါတယ်။

သုံးသပ်ချက်

သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG နဲ့ မြန်မာစစ်တပ်ဟာ တစ်စုံတရာ တွေ့ဆုံညှိုနှိုင်းမှုမရှိသလို သဘောတူလက်မှတ်ရေးထိုးခြင်းလည်းမရှိပါဘူး။NUG ဘက်က မြန်မာစစ်တပ်နဲ့ တွေ့ဆုံဆွေး နွေးဖို့အတွက် လိုအပ်ချက်ကို ထုတ်ဖော်ပြောကြားမှုရှိပေမဲ့ မြန်မာစစ်တပ် က NUG နဲ့ ဆွေးနွေးမှုလမ်းကြောင်း တစ်စုံတစ်ရာမရှိပါဘူး။

Avatar

Title:Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *