
AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG ကစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။
“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Man Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက က ဖေဖော်ဝါရီ ၁၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင် ၁၀၀၀ ကျော်၊ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုထဲမှာ ရခိုင့်တပ်တော်(Arakan Amy)ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့အတူ“AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲက သတင်းဖော်ပြချက်မှာ NUG က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စစ်ဦးစီးချုပ်ခန့်အပ်တဲ့အကြောင်းမပါဝင်ပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ “သံလွင်ခက် – Than Lwin Khet News”က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “စစ်ဦးစီးချုပ်ခန့်အပ်သွားမည်ဟု NUG ပြော”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပါတယ်။ ဒီသတင်းဖော်ပြချက်ထဲမှာ စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်ရာမှာ တစုတစည်းထဲ တိုက်ခိုက်နိုင်ဖို့အတွက် စစ်ဦးစီးချုပ်လိုအပ်ပြီး အချိန်အတိုင်း အတာတခုအတွင်းမှာ စစ်ဦးစီးချုပ်ခန့်သွားဖို့ရှိတယ်စသည်ဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG မှသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းမှုကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို စစ်ဦးစီးချုပ် NUG ဘက်ကအဆိုပြုတယ်၊ ခန့်အပ်တယ်ဆိုတဲ့အကြောင်းမပါဝင်ပါဘူး။ သတင်းအပြည့်အစုံကို အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – သံလွင်ခက် – Than Lwin Khet News | Archive link
NUG ရဲ့တရားဝင် ထုတ်ပြန်ချက်တွေမှာလည်း ဒီလိုမျိုး စစ်ဦးစီးချုပ်နာမည်ကို ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာလည်း ဒီသတင်းဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
မီဒီယာတစ်ခုမှာ မူလက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြရာမှာ သတင်းခေါင်းစဉ်အတုအသုံးပြုပြီး ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို NUG က စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တယ် သို့မဟုတ် ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းအထောက်အထားမျိုးမတွေ့ရသေးပါဘူး။

Title:Fact Check: AAတပ်ချုပ်ကို NUG စစ်ဦးစီးချုပ် ခန့်အပ်ဆိုတဲ့သတင်းမှား
Fact Check By: နေရာမောင်Result: False