
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို တပြိုင်နက်ထဲ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိတာဟာ သတင်းတုဖြစ်ပါတယ်။
ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေတဲ့ ဒီပို့စ်မှာ “၅/၂/၂၀၂၃ ထူးပြီ မုံရွာမြို့သိမ်းတိုက်ပွဲ PDF တွေ အဝင်ကြမ်းကုန်ပြီ တပြိုင်နက်စစ်တိုက်ယာဉ် ၂ စီးပစ်ချခံရ”လို့ ဗွီဒီယိုထဲမှာ ရေးသားထားပါတယ်။ “KAKA Drama” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါမှာပါတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီ ၅ ရက်မှာ ခေတ်သစ်မီဒီယာ ကဖော်ပြခဲ့တဲ့ “စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့်ပစ်ခတ်”၊ ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားမျှဝေထားတဲ့အတွေးအမြင် ဆောင်းပါး(ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)၊ လွတ်လပ်တဲ့အာရှအသံကဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ တောင်းဆို”စသည်ဖြင့် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့အကြောင်းအရာနဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link
သုံးသပ်ချက်
ဗွီဒီယိုတစ်ခုလုံးဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အတွေးအမြင်ရေးသားချက်အချို့ကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုမှာ ဖေဖော်ဝါရီ ၅ ရက်က PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို ပစ်ချနိုင်ခဲ့လို့ ရေးသားထားပေမဲ့ ဒီအကြောင်းအရာ တစ်စုံတရာ မပါဝင်ပါဘူး။ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာကလွဲလို့ မုံရွာမြို့ကို PDF ကဝင်စီးနင်းတယ်ဆိုတဲ့အထောက်အထားလည်းမရှိပါဘူး။

Title:Fact Check: PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး တိုက်လေယာဉ် ၂ စီးပစ်ချခံရဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False