စစ်ကောင်စီနယ်မြေဖြစ်တဲ့ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ခံလိုက်ရပြီဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခုဖြန့် ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။သတင်းတုဖြစ်ပါတယ်။ ဒီလို သိမ်းပိုက်မှုမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီဘက်မှ အမျးအပြားသေဆုံးခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုများအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားရေးညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များပါဝင်ကြောင်းလည်းဖော်ပြပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၉)ရက်နေ့ နေပြည်တော်မှာ PDFအလံထောင်လိုက်ပြီ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ပြီဗျိူ့ KIA,NUG,PDF,KNU တပ်သူသေကိုယ်သေချပြီ ဗိုလ်မှူးများ၊ဗိုလ်ကြီးများနဲ့စစ်ခွေးအများအပြားသေဆုံး” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဩဂုတ် ၂၉ ရက်မှာ မျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။၂၈ ရက်ကလည်းတကြိမ် ဒီဗွီဒီယိုမျှဝေမှုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အမှန်တကယ်တော့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြထားတဲ့ နိုင်ငံအနှံ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီ နေပြည်တော်တွင် PDF အလံစိုက်ထူမည်ဟု NUG ဒုအတွင်းဝန် ပြောဆိုတဲ့သတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ဒီသတင်းထဲမှာ NUG ကာကွယ်ရေးဒု-အတွင်းဝန် ဦးမောင်မောင်ဆွေက ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်တွေမှာ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီအပေါ် အသာစီးရနေပြီး နေပြည်တော်က ၂၅ မိုင်အကွာ ဘိုမသံတောင် စစ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ၊ စစ်ကောင်စီဘက်က အကျဆုံးများနေတာတွေကြောင့် မကြာခင်နေပြည်တော်မှာ PDF အလံစိုက်တော့ မှာဖြစ်တယ်ဆိုတဲ့ အကြောင်းပြောဆိုသွားတာတွေ့ရပါတယ်။ ဒီသတင်းမှာ နေပြည်တော်ကို သိမ်းပိုက်နိုင်တော့မယ့်အကြောင်း ပြောသွားပေမဲ့ သိမ်းပိုက်လိုက်တဲ့အကြောင်းမပါဝင်ပါဘူး။

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကိုစိစစ်ကြည့်ရာမှာ မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အင်ပင်ဂိတ်ကို ဩဂုတ် ၂၈ ရက်၊ မွန်းလွဲ ပိုင်းက မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုတဲ့သတင်းစတဲ့ သတင်းအကြောင်းအရာတွေကို ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ နိုင်ငံအနှံ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီ နေပြည်တော်တွင် PDF အလံစိုက်ထူမည်ဟု NUG ဒုအတွင်းဝန်ပြောတဲ့ သတင်းကို ထင်ယောင်ထင်မှား ခေါင်းစဉ်တပ်ထားခြင်းသာဖြစ်တယ်။

ပြောဆိုချက် - နေပြည်တော် ပျဉ်းမနားမြို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီ

Avatar

Title:Fact Check: နေပြည်တော် ပျဉ်းမနားမြို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

Written By: Zun Zee

Result: False