ပြင်ဦးလွင်နဲ့ မန္တလေးကို တော်လှန်ရေးအင်အားစုတွေက မှာ တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“အပစ်ခတ်ရပ်စဲရေး မအလအကြိမ်ကြိမ်ချိုးဖောက်၍ ပြင်ဦးလွင်၊ မန္တလေး တပြိုင်နက်တိုက်ခိုက် ဗိုလ်လောင်း(၇၀၀)ကျော်သေဆုံး”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားဖြန့်ဝေထားတဲ့ Nway Oo Tv News အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။ အခုလည်း တကယ်တမ်း ဗွီဒီယိုပါ အကြောင်း အရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီက ခံစစ်ပြင်ထားသည့် ပြင်ဦးလွင်နှင့် နောင်ချိုလမ်းပိုင်းကို TNLA တပ်များ၀င်လာမည်စိုး၍ အပစ်ရပ်စဲထားသော်လည်း လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်”ဆိုတဲ့ သတင်းကိုဖတ်ကြားနေခြင်းဖြစ်တယ်။ သတင်းတပုဒ်လုံးမှာ ပြင်ဦးလွင်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှုဆိုတဲ့အကြောင်းမပါသလို ဗိုလ်လောင်းတွေ သေဆုံးမှုအကြောင်းလည်း မပါဝင်ပါဘူး။

မူရင်းလင်ခ့် – Ayeyarwaddy Times | Archive link

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်သတင်းတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး ၊ ပခုက္ကူမြို့တွင် စစ်ကြောင်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်”၊ “ဝေါမြို့နယ်ရှိ ပျူစောထီးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက်သိမ်းဆည်းရရှိ”၊ ဧရာဝတီတိုင်းမ်သတင်းဌာနပါ “CNA ဦးဆောင် တိုက်ခိုက်ခဲ့သည့် သိုင်းငင်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိ”စတဲ့သတင်းတွေကို ဖတ်ကြားနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ဧရာဝတီတိုင်းမ်သတင်းဌာနက မူလဖော်ပြခဲ့တဲ့ ပြင်ဦးလွင်နဲ့ နောင်ချိုလမ်းပိုင်းကို TNLA တပ်များဝင်လာမှာ စိုးရိမ်လို့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့သတင်းနဲ့ အခြားသော တိုက်ပွဲသတင်းတွေကို အသုံးပြုပြီး ဗွီဒီယိုပုံစံပြုလုပ်ကာ လိုအပ်သလိုခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ဗွီဒီယိုခေါင်းစီးမှာ ဖော်ပြခဲ့သလို ပြင်ဦးလွင်နဲ့ မန္တလေးမှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ပြင်ဦးလွင်နဲ့ မန္တလေးမှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံး

Avatar

Title:Fact Check: ပြင်ဦးလွင်နဲ့ မန္တလေးမှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးမှု သတင်းတု

Written By: နေရာမောင်

Result: False