မြန်မာနိုင်ငံမှာလိပ်ကျွန်းလူသတ်မှုလို့ လူသိများတဲ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန် ၂ ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးပြန်လည်လွတ်မြောက်လာပြီ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား ဖြစ်ပါတယ်။

အောက်ပါစာသားတွေကတော့ ဩဂုတ် ၂၈ ရက်ကပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါကောက်နှုတ်ချက်ဖော်ပြချက်ဖြစ်ပါတယ်။

“ဒေါ်လာ ၂ သန်းနစ်နာကြေးရရှိပြီး ပြန်လွတ်လာပါပြီ

၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသ.တ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို အမိန့် ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည်

ထိုင်းဘုရင် ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာ ရေးသားချက်များကို ထိုင်းဘုရင်သိရှိရပြီးနောက် လူသားချင်း စာဏာကာ အိမ်နီးချင်းကောင်း ပီသစွာ ပြသခြင်းဖြင့် အမှုကိုရုပ်သိမ်းပြီးလွတ်ငြိမ်းခွင့်ပီးရန် ထိုင်ရဲတပ်ဖွဲ့ကို ထိုင်းဘုရင် မင်းမြတ် အမိန့်ပေးလိုက်ပြီဖြစ်ပါကြောင်းစွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို နစ်နာကြေး ဒေါ်လာ ၂ သန်းလျှော်ကြေးဖြတ်ပြီး ထိုင်းနိုင်ငံ အစိုးရမှ လျှော်ကြေးပေးဆောင် လာမည်ဖြစ်ပါကြောင်း ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦး မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က လုံခြုံရေး အပြည့်ယူကာရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံ အကြီးတန်းစားရဲမှုးကြီး တယောက်မှ ပြောကြားပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – FB link | Archive link

ပျံ့နှံမှုအားကောင်းခဲ့တဲ့ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

လိပ်ကျွန်းလူသတ်မှုကိစ္စမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ဒီသတင်းကို သူ့အနေနဲ့ မသိကြောင်း သူ့ရဲ့လူမှုကွန်ယက်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။

မူရင်းလင်ခ့် – Htoo Chit | Archive link

သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းပြည်ပ သတင်းဌာနတွေမှာလည်း ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ Fact Crescendo Myanmar အနေနဲ့ သတင်းဌာနတွေထဲက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နဲ့ ပတ်သက်တဲ့ သတင်းဖော်ပြချက် တွေကို ရှာဖွေကြည့်ရာမှာ နောက်ဆုံးဖော်ပြချက် တော့ ဇွန် ၂၀ ရက်က DVB TV News ရဲ့ ဦးထူးချစ်နဲ့ အင်တာဗျူးပဲဖြစ်ပါတယ်။ လိပ်ကျွန်းလူသတ်မှုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းဟာ တို့ သေဒဏ်ချမှတ်ခံထားရတာကနေ အသနားခံစာကြောင့် ၂၀၂၀ ခုနှစ်ထဲမှာ ထောင်ဒဏ်တသက်တကျွန်း ပြောင်းလဲပြီးအမိန့်ချမှတ်ခဲ့ပါတယ်။ မြန်မာလူငယ် ၂ ဦး ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇာ်လင်းတို့ ဘန်ကောက်မြို့ ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေပါတယ်။

သုံးသပ်ချက်

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လည်လွတ်မြောက်လာတယ်ဆိုတာမဟုတ်ပါဘူး။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)ရဲ့ ဒါရိုက်တာ ဦးထူးချစ်ကလည်း သူတို့နှစ်ဦးပြန်လွတ်လာတယ်ဆိုတာမသိရှိကြောင်း ငြင်းဆိုထားပါတယ်။

Avatar

Title:Fact Check: ထိုင်းလိပ်ကျွန်းလူသတ်မှုက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung

Result: False