
မြန်မာပြည်သူတွေကို ကုလသမဂ္ဂအနေနဲ့ စစ်ရေးအရအကာအကွယ်ပေးဖို့(R2P) အတည်ပြုလိုက်ပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ယခုရက်ပိုင်းပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်တစ်ခုမှာ “R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”လို့ စသည် ဖြင့် ရေးသားပြီး“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
“90MO TV”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကပဲ အခြားသောဗွီဒီယိုတစ်ခုမှာတော့ ကုလသမဂ္ဂမှာနိုင်ငံပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီလို့ရေးသားထားပါသေးတယ်။

အချက်အလက်စိစစ်ချက်
မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုးကို အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂက R2P မျိုးအစီအစဉ်တွေ၊ No Fly Zone လုပ်ဖို့တောင်းဆိုချက်တွေဟာ ပျက်ကွက်နေပြီး ဒီလိုအစီအစဉ်တွေကို ဆောင်ရွက်ဖို့လိုတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က အစည်းအဝေးတစ်ခုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။ ဒီအစည်းအဝေးဟာ ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာမရှိတာတွေ့ရပါတယ်။ ဒီအချက်အလက်ကို ကြည့်ခြင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂဦးဆောင်တဲ့ R2P ဝင်မယ်ဆိုတာ မဟုတ်မှန်တာတွေ့ရပါတယ်။
“R2Pဝင်မယ့်ကိစ္စ US ဗိုလ်ချုပ်ကြီး ဒေါ်မီမီဝင်းဘတ် အတည်ပြုပြီ”ဆိုတဲ့ ဗွီဒီယိုတွေထဲမှာပါတဲ့ အကြောင်းအရာဟာ အမေရိကန် အရံကာကွယ်ရေးတပ်မှာ ဒုဗိုလ်မှူးကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ပါမောက္ခ မီမီဝင်းဘတ်နဲ့ အင်တာဗျူးတစ်ခု ဖြစ်ပါတယ်။ လွတ်လပ်တဲ့ အာရှအသံက ဖော်ပြခဲ့တဲ့ အင်တာဗျူးသာဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ထို့အတူ အခြားသောဗွီဒီယိုတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂမှာနိုင်ငံပေါင်း ၉၀ ကျော်က မြန်မာနိုင်ငံကို R2P ဝင်ဖို့ဆိုတဲ့ ဗွီဒီယိုဟာလည်း သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းသာဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မြန်မာနိုင်ငံကို R2P ဝင်ဖို့အတွက် အတည်ပြုလိုက်ပြီဆိုတာမမှန်ပါဘူး။ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းနဲ့ အင်တာဗျူးတွေကိုပြန်လည်ဖော်ပြရာမှာ သတင်းခေါင်းစဉ်တုနဲ့ အွန်လိုင်းအသုံးပြုသူတွေ စိတ်ဝင်စားမှုရယူထားခြင်းဖြစ်ပါတယ်။

Title:Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့အတည်ပြုဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult:Misleading