NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“NUG ကိုအစိုးရအဖြစ်တင်မြှောက်လိုက်ပြီ

NUGသာမြန်မာအစိုးရအဖြစ်ကုလကြေငြာလိုက်ပြီ

အာဏာလုစစ်ကောင်စီငါးပါးမှောက်ပြီ”

C:-Users-User-Downloads-Untitled.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပြန်လည် ဖော်ပြရာမှာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myammar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင်ခ့်မှာကြည့်ပါ။

NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ အခု ဗွီဒီယိုမှာလည်း တကယ်တမ်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “မြန်မာစစ်တပ်၏ အကြမ်းဖက် ရက်စက်ယုတ်မာမှုများကို အမျိုးသမီး၊ မိန်းကလေးငယ်များနှင့် လူငယ်များက ဆိုးရွားစွာခါးစည်းခံစား နေရသော် လည်း နိုင်ငံတကာက အရေးယူရန် ပျက်ကွက်နေဆဲ၊ မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခ စကားလုံးဖြင့် ဖော်ပြ၍ မရသည့် ကြေကွဲ စရာများဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို”၊ “စစ်ကိုင်းတိုင်း တွင် စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် အရပ်သားများ သေ ဆုံးမှု များပြားနေပြီး လစဉ်သေဆုံးသူ ၇၁ ဦးနှုန်းရှိ၊ ကလေး၊ မုံရွာ၊ ရွှေဘို၊ မြင်းမူ၊ တမူးနှင့် မင်းကင်းမြို့နယ်တို့တွင် အများဆုံး သေဆုံး”၊ “ပြိုလဲတော့မည့် မြန်မာစစ်တပ် ကျဆုံးခန်းအတွက် မြန်မာပြည်သူများဘက်မှ နိုင်ငံတကာက ရပ်တည်ရမည့် အချိန်ရောက်ပြီ” စတဲ့ သတင်းနဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ဖော်ပြထားတယ်။

အခြားသော ကုလသမဂ္ဂမှာ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ဆိုလိုထားတဲ့ ဗွီဒီယိုတွေမှာ လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ တင်ပြချက်သတင်းနဲ့ အခြားသောအကြောင်းအရာတွေ သာဖြစ်တယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့ပေမဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ နေပြည်တော်က စစ်တပ်အုပ်ချုပ်သူ လူတန်းစားကို ဆန့်ကျင်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) ပူးပေါင်းခဲ့ကာ မြန်မာနိုင်ငံ ဆက်လက်ကိုယ်စားပြုခွင့်ရရှိနေသူဖြစ်တယ်။

သုံးသပ်ချက်

ဒီလို အမျိုးသား ညီညွှတ်ရေးအစိုးရကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ ဆက်လက်ပြီး သံအမတ်ကြီးအဖြစ် ရပ်တည်နေပေမဲ့ မြန်မာနိုင်ငံရဲ့ အစိုးရဟာ NUG ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ သတင်းတုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာဖော်ပြထားသလို NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။

Avatar

Title:Fact Check: NUG ကို အစိုးရအဖြစ် ကုလကြေညာဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: Misleading