
နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက်အဖြစ် ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဦးဇာဂနာနာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက်ဖြစ်တာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေလျက်ရှိပြီး ယခုအချိန်အထိလည်း ဖြန့်ဝေလျှက်ရှိတဲ့ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်”လို့ စချီရေးသားထားတဲ့ ဒီပို့စ်မှာ အခုတကြိမ်စစ်တပ်က အာဏာသိမ်းတာဟာ ၂၀၀၈ ခုနှစ် အခြေခံ ဉပဒေနဲ့အညီ အာဏာထိမ်းတာသာဖြစ်တယ်လို့ ဦးဇာဂနာ ထောက်ခံခဲ့ပြီး NLD ပါတီကို မဲခိုးတဲ့ပါတီအဖြစ်စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုလည်း ကွန်မြူနစ်ဆန်တဲ့ အာဏာရှင်အစိုးရအဖြစ်ဝေဖန်ထားတာဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ဒီလိုပျံ့နှံ့ခဲ့တဲ့ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။
“ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး သုံးသပ်ချက်
#ကျနော်တို့အာဏာရှင်ကိုမုန်းတယ် ကျနော်တို့ပြည်သူတွေထမ်းတင်ပေးလိုက်တဲ့သူတွေကအာဏာရှင်ဆန်တာ ကွန်မြူနစ်ဆန် နေတာတွေကသူတို့အတွက်ကျရှုံးရတာပါပဲ.. အခုဆူပူဆန္ဒပြနေတာဖြစ်ဖြစ် ငြိမ်းချမ်းစွာဆန္ဒပြနေတာဖြစ်ဖြစ် အော်နေကြသူတွေရဲ့
“စစ်အာဏာရှင်ကျဆုံးရေး” ဆိုတဲ့တောင်းဆိုသံတွေကြားရတော့ကျနော်ရယ်မိတာပေါ့ ..
“စစ်အာဏာရှင်” တဲ့ ၈၈ အာဏာရယူခဲ့ရတဲ့စစ်အစိုးရက စစ်အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့တာမှန်ပါတယ်…
စစ်တပ်ကိုးး ၇၄ခြေဥပျက်ပီကိုးးး သူ့ဥပဒေသူ့နည်းစနစ်နဲ့ စစ်တပ်ပီပီအုပ်ချုပ်ကိုင်တွယ်ခဲ့တယ်
အာဏာရှင်ဆန်ခဲ့တယ်..ဒါကြောင့်ကျနော်တို့မုန်းတယ် စစ်အာဏာရှင်လို့သမုတ်ထိုက်တယ်
စစ်အာဏာရှင်ကြီးတွေက ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အခြေခံအဆောက်အအုံတွေ၊လူမှုဘဝတိုးတက်ရေးတွေ၊ ဘာသာသာသနာထွန်းကားရေးတွေလုပ်ဆောင်ပြီး ချမှတ်ထားတဲ့မူဝါဒအချက်အတိုင်း တဆင့်ပြီးတဆင့်ဆောင်ရွက်လာပြီး ဒီမိုကရေစီကိုအသွင်ကူးပြောင်းခဲ့တယ် … နိုင်ငံတစ်နိုင်ငံရဲ့အရေးကြီးဆုံးဖြစ်တဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပညာရှင်တွေအလွှာအသီးသီးလူတန်းစားအသီးသီးကကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေနဲ့အမျိုးသားညီလာခံကိုအကြိမ်ကြိမ်ကျင်းပပြီးအခြေခံဥပဒေကိုရေးဆွဲပြီး၂၀၀၈မှာပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ အတည်ပြုပေးခဲ့တယ်…
၂၀၁၀ မှာ အထွေထွေရွေးကောက်ပွဲကျင်းပပေးခဲ့တယ်..ပါတီစုံဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပြီး
ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တင်ပေးခဲ့တယ်.. စစ်အာဏာရှင်ဆိုသူတွေရဲ့
စစ်အာဏာရှင်မဆန်တော့တာမဟုတ်တော့တာတွေ့သိခဲ့ကြရတာပဲ…၂၀၁၀ မှာ NLD သာရွေးကောက်ပွဲဝင်ရင်အနိုင်ရမှာသေချာတယ် ပြည်သူတွေကအပြောင်းအလဲနဲ့ တပ်မတော်အပေါ်မုန်းတီးမှုအရှိန် မယုံကြည်သေးတဲ့အရှိန်တွေကြောင့် ဒီမိုကရေစီရရှိရေးအော်ခဲ့ကြတဲ့ အင်အားသာလွန်တဲ့NLDကိုလိုလားမဲပေးကြမှာသေချာပါတယ် …
သို့သော်ဒေါ်စုနဲ့တချို့ CEC တွေရဲ့လွဲမှားတဲ့ဆုံးဖြတ်ချက်ကြောင့် ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်ကတည်းက
ပြိုကွဲနုတ်ထွက်ဖြုတ်ခံကြရသူတွေနဲ့ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သူတွေကပါတီတွင်းကွဲထွက်ခဲ့ကြတယ်..
ကြားဖြတ်ရွေးကောက်ပွဲမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အားလုံးနီးပါးအနိုင်ရရှိခဲ့တယ်
၂၀၁၅အထွေထွေရွေးကောက်ပွဲမှာလည်းအပြတ်အသတ်အနိုင်ရအစိုးရဖြစ်ခဲ့တယ်
ဘာကြောင့်ရွေးကောက်ပွဲမှာနိုင်တာလဲအဓိကက ဒီမိုကရေစီဆိုတာလိုချင်လို့
လက်ရှိအာဏာရဦးသိန်းစိန်အစိုးရထက်ပိုကောင်းချင်လို့ကောင်းမွှန်တဲ့
အပြောင်းအလဲကိုလိုချင်ကြလို့ “ပြောင်းလဲချိန်တန်ပြီ”ဆိုတာကို အယုံကြီးယုံခဲ့လို့”အာဏာရှင်ဆန်ခဲ့ရတဲ့
စစ်အစိုးရအပေါ်စိတ်နာမယုံကြည်မှုတွေကြောင့်ဖြစ်တယ်
အာဏာရခဲ့တဲ့သက်တမ်း၅နှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေက “အာဏာရှင်” “ကွန်မြူနစ်”ပုံစံဖြစ်နေခဲ့ပြီး အခြေအနေအရပ်ရပ်ကလည်းမတိုးတက်တဲ့အပြင်ဆုတ်ယုတ်ပျက်စီးနေခဲ့တယ်…အဆိုးဆုံးအခြေအနေကတော့ အာဏာရရေးအတွက်မဲမသာမှုမဲခိုးမှုတွေဖြစ်ပေါ်ခဲ့တဲ့နောက်ဆုံးဦးဝင်းမြင့်ကသမ္မတအနေနဲ့မနေပဲ ရွေးကောက်ပွဲဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းလုပ်ပြီးမဲမသာမှုမဲခိုးမှုတွေစွတ်စွဲခံနေရတဲ့ကြားကဖြေရှင်းခြင်းမရှိပဲဇွတ်အတင်း ဒုတိယအကြိမ်နောက်ဆုံးလွှတ်တော်ကို ကျော်ပြီးတတိယအကြိမ်လွှတ်တော်ကို ဇွတ်ခေါ်ပြီးအစိုးရဖွဲ့ဖို့လုပ်တယ်…ဒီလိုတတိယအကြိမ်လွှတ်တော် ရက်သတ်မှတ်တဲ့မတိုင်မီ ၁ရက်ည၁၂နာရီကျော်လိုက်တာနဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ဟာ သမ္မတအဖြစ်ကနေအလိုလို ပျက်ပြယ်သွားတဲ့အတွက် ဒုတိယသမ္မတကသမ္မတဖြစ်သွားပြီး တိုင်းပြည်ရဲ့အခြေအနေတွေကိုထိမ်းသိမ်းဖို့တပ်မတော်ကို၁နှစ်တာဝန်ပေးခဲ့တာပဲ…
ဘယ်မှာလဲခင်ဗျားတို့ပြောတဲ့”အာဏာကိုအတင်းအဓမ္မမတရားရယူတာ” “အာဏာသိမ်း” တာ ဘယ်မှာလဲ…ဟုတ်ပီ “စစ်အာဏာရှင်” လို့ပြောရအောင်လည်း ၂၀၀၈ခြေဥကိုမဖျက်ပစ်ဘူး
၂၀၀၈ ခြေဥအတိုင်းသူဆက်သွားမယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဆင့်တွေကအစအုပ်ချုပ်ရေးစီမံခန့်ခွဲရေးပြန်လည်ထူထောင်ရေးအဖွဲ့အစည်း
အသီးသီးမှာလည်းနိုင်ငံရေးပါတီပေါင်းစုံကခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တွေကိုရာထူးအာဏာ
အပ်နှင်းပြီးကျနော်တို့တိုင်းပြည်ရဲ့အထူးလိုအပ်နေတဲ့ငြိမ်းချမ်းရေးအတွက် “ဖက်ဒရယ်ဒီမိုကရေစီစနစ်ပုံစံ”
ပြောင်းလဲပေးခဲ့တယ်…ဘယ်မှာလဲစစ်အာဏာရှင်စနစ်
“ဖက်ဒရယ်ဒီမိုကရေစီစနစ်”လို့တောင်ပြောလို့ရတဲ့ပုံစံကိုခင်ဗျားတို့ကချက်ချင်းကြီးကို”စစ်အာဏာရှင်စနစ်ပြုတ်ကျရေး”ဆိုတော့ကျနော်ရယ်ချင်တာပေါ့…
အာဏာရအစိုးရဘာလုပ်တယ် စောင့်မကြည့်တော့ဘူး ချက်ချင်းကိုစစ်အာဏာရှင်လို့ ထအော်ထသတ်မှတ်”စစ်အာဏာရှင်စနစ်ပြုတ်ကျရေး “ဆိုတော့ စစ်တပ်က လက်နက်တွေကိုင်ထားလို့ အာဏာရှင်လို့မြင်တာလား
အပြောတမျိုးအလုပ်တမျိုးနဲ့ဒီမိုကရေစီအော်ခဲ့ပြီးထမိန်ဝတ်ဒေါက်ဖိနပ်အာဏာရှင်ကိုကျတော့ခင်ဗျားတို့ဘာလို့မမြင်တာလဲ…အခုခင်ဗျားတို့တွေ ဆန္ဒပြနေကြတာကိုလည်း ၂၀၀၈ ခြေဥ ရဲ့ ၁၈ ၁၉ တွေကိုကျော်လွန်ပြီး ဆန္ဒပြခွင့်ပေးခဲ့တယ် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပေးနေတာကိုကအာဏာရအစိုးရဟာခင်ဗျားတို့အမြင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဟာ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ပေးနေတာပေါ့…
ဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းစုစီ ၁၈ ၁၉ နဲ့ထောင်ကျခဲ့ရတာတွေ မကြားမိကြဖူးလား ? နည်းသလား ? ဆူပူအကြမ်းဖက်ရင်တော့နိုင်ငံတကာနည်းအတိုင်းဥပဒေအတိုင်းဆောင်ရွက်အရေးယူကြရမှာပေါ့
အခုလည်းပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ် လူ၄ဦးထက်ပိုမစုဝေးရဆိုတဲ့ဥပဒေရှိတယ်..ဆန္ဒပြကြတယ် လူစုလူဝေးနဲ့လမ်းတွေပိတ်တယ် အကြမ်းဖက်ဆူပူကြတယ် ဥပဒေမဲ့လုပ်နေကြတာအများကြီး အများကြီးထဲကတချို့တလေပဲ အရေးယူတော့”ပြည်သူ” လို့သုံးပြန်တယ် ဆူပူအကြမ်းဖက်လို့ရှင်းလင်းတော့ လက်နက်နဲ့အနိုင်ကျင့်တယ် အော်ကြပြန်တယ်… တကယ်တော့ခင်ဗျားတို့တွေက NLDနဲ့ဒေါ်စုကိုသာ အာဏာရစေချင်နေကြတာ.. ဘာဒီမိုကရေစီမှမဟုတ်ဘူး ဘာမှပြည်သူ့အတွက် တိုင်းပြည်အတွက်မဟုတ်ဘူး… အာဏာရှင်ကိုအာဏာရှင်လို့မမြင်ပဲ ဒေါ်စုနဲ့NLDကိုသာ အာဏာရတိုင်းပြည်ကို ချယ်လှယ်စေချင်သူအစုအဖွဲ့တွေရဲ့ စည်းရုံးလိမ်ညာမှိုင်းတိုက်ခြင်းခံရတဲ့သူတွေပဲ.. သနားတယ်ဗျာ အဲ့လိုလူတွေရဲ့ကိုယ်ကျိုးသမားတွေရဲ့ နိုင်ငံရေးသားကောင်ဖြစ်ရရှာတဲ့ခင်ဗျားတိူ့ကိုတကယ်သနားတယ်ဗျာ။
ချစ်ခြင်းများဖြင့်
သူရ”

မူရင်းလင်ခ့် – FB link | Archive link
လတ်တလောပြန်လည်ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အာဏာရှင်အစိုးရတွေကို မကြာခဏပြက်လုံးထုတ်တဲ့ လူရွှင်တော် ဦးဇာဂနာဟာ ၈ လေးလုံးအရေးတော်ပုံမှာ ပါဝင်လှုံဆော်မှုနဲ့ထောက်ချခံခဲ့ရပါတယ်။ ဦးဇာဂနာ သူ့ရဲ့ အာဏာရှင်တွေကို ထေ့ငေါ့တဲ့ပြက်လုံးတွေကြောင့် ထောင်မကြာခဏကျလေ့ရှိတဲ့ လူရွှင်တော်၊ဒါရိုက်တာနဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းအပြီးမှာလည်း ဦးဇာဂနာဟာ စစ်တပ်ရဲ့ဖမ်းဆီးထောင်ချခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ထို့အပြင် ဦးဇာဂနာကို ဒီလိုရေးသားဖြန့်ဝေနေတဲ့ပို့စ်ပါအကြောင်းအရာဖော်ပြချက်ဟာ သူ့ရဲ့ ရေးသားချက် ဟုတ်မဟုတ် ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေတစ်ဆင့်မေးမြန်းအတည်ပြုရာမှာတော့ “တယောက် တဖွဲ့ က လုပ်ကြံရေးနေကြ တာပါ။”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
လူရွှင်တော်ဦးဇာဂနာရဲ့ အစိုးရတွေကို ဝေဖန်တတ်တဲ့သဘောကိုအသုံးချပြီးတော့ စစ်အာဏာသိမ်းမှုကို ထောက်ခံသယောင် အာဏာသိမ်းအပြီးမှာ လူတွေကို ဝေဝါးအောင်အတုပြုလုပ်ဖြန့်ချိခဲ့တဲ့ ဝါဒဖြန့်ချိမှု ဖြစ်တာတွေ့ရပါတယ်။ ဦးဇာဂနာဟာ လက်ရှိအာဏာသိမ်းအစိုးရရဲ့ဖမ်းဆီးမှုကို ခံခဲ့ရသူဖြစ်ပြီး သူဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို ပြက်လုံးထုတ်သူအဖြစ်နာကြီးတဲ့ လူရွှင်တော်တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်းကလည်း ဒီစာဟာ လုပ်ကြံရေးသားချက်အဖြစ်အတည်ပြုပါတယ်။

Title:Fact Check: လူရွှင်တော် ဦးဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားချက် အဖြစ်သတင်းတုသတင်းမှားပျံ့နှံ့ခဲ့
Fact Check By: Nayar MaungResult: False