Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှု သတင်းတု သတင်းမှားတွေပျံ့နှံ့

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှုလို့ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ 

“တရုတ်နဲ့ သန်းရွှေကပါ မလိုချင်တော့တဲ့ မင်းအောင်လှိုင် နှုတ်ထွက်မဲ့ သတင်း တစ်နိုင်ငံလုံးပြည်သူများ နားထောင်ပေးပါ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အလားတူ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်စာတင်တယ်လို့ ရေးသားမျှဝေထားပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

တကယ်တမ်း ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ အတွေးအမြင် ဆောင်းပါတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်တယ်။ မူလဆောင်းပါးကို ဒီလင့်ခ်မှာကြည့်ပါ။ ဧရာဝတီသတင်းဌာနရဲ့ မူလဖော်ချက်မှာလည်း စာဖတ်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ “အားလုံးက မမြင်လိုတော့သည့် မင်းအောင်လှိုင် နုတ်ထွက်မလား”လို့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါးထဲမှာလည်း သူတို့ထောက်ခံခဲ့သူတွေကအစ သူ့လက်အောက်က အရာရှိတွေအဆုံး မင်းအောင်လှိုင်အပေါ် အားမလို အားမရ ဒေါသပေါက်ကွဲပြီး နုတ်ထွက်ဖို့ လူသိရှင်ကြားတောင်းဆိုလာတဲ့အထိဖြစ်လာနေတဲ့အကြောင်း၊ သို့ပေမဲ့ စစ်‌ခေါင်း‌‌ဆောင် နုတ်ထွက်ခြင်း၊ မနုတ်ထွက်ခြင်းဟာ သူ့အပေါ် လွှမ်းမိုးမှုရှိတဲ့ တရုတ်နဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေပေါ်မှာ တည်မှီဖွယ်ရှိတဲ့အကြောင်း ရေးသားထားတာဖြစ်တယ်။

ဒီဆောင်းပါးထဲမှာပဲ မကြာခင် သက်တမ်းကုန်တော့မယ် စစ်ကောင်စီဟာ ပုံမှန်လုပ်နေကြအတိုင်းပဲ နောက်ထပ် ၆ လသက်တမ်းထပ်တိုးတာ၊ စစ်ကောင်စီကို အကြီးအကျယ်ပြောင်းလဲ ဖွဲ့စည်းတာနဲ့ အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းအချို့တောင်းဆိုနေတဲ့အတိုင်း အရပ်သားနဲ့ အစုအဖွဲ့ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းတာတဲ့ နည်းလမ်း ၃ ခုပဲရှိကြောင်း ထောက်ပြထားပါတယ်။ 

နောက်ထပ် ဗွီဒီယိုတခုဟာလည်း  သတင်းမီဒီယာတခုက ဖော်ပြခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကြား မကြေလဲမှုအကြောင်း တွေသာပါဝင်တယ်။

သုံးသပ်ချက်

Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်း စဉ်တွေတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ စစ်ခေါင်းဆောင် အပါအဝင် ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်မှု သတင်းဟာ မဟုတ်မမှန်ပါဘူး။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ သာဖြစ်တယ်။

ပြောဆိုချက်- စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မယ်

Avatar

Title:Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှု သတင်းတု သတင်းမှားတွေပျံ့နှံ့

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *