
လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။
အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“လေယာဉ်နဲ့ဗုံးမှားကျဲပြီဟေ့
လိုင်ဇာအနီးစစ်စခန်းများမှဆုတ်ခွာလာတဲ့စစ်ခွေး(၅၀၀)
လေယာဉ်နဲ့ဗုံးမှားကျဲမိပြီးအစုပြုံလိုက်သေကုန်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။
အခုလည်း ဗွီဒီယိုပါသတင်းဟာ Khit Thit Media ကဖော်ပြခဲ့တဲ့ “KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီး ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေ”ဆိုတဲ့ သတင်းနဲ့ အခြားသော တိုက်ပွဲသတင်းတွေကို ဖော်ပြနေခြင်းသာဖြစ်တယ်။ ဒီသတင်းထဲမှာ မတ် ၁၅ ရက်က ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာလိုင်ဇာအနီးပတ်ဝန်းကျင်က စစ်စခန်းတွေကို KIA က တိုက်ခိုက်ချေမှုန်းလျှက်ရှိရာမှာ စစ်ကောင်စီတပ်စခန်း ကြီးကြီးမားမား မကျန်ရစ်တော့ကြောင်း၊ အရင်ကရှိခဲ့တဲ့ စခန်းတွေကနေထွက်ပြေးနေတဲ့ စစ်သားများကို KIA က လိုက်လံရှင်းလင်းနေတဲ့အကြောင်းနဲ့ ဒီလို ထွက်ပြေးနေတဲ့ စစ်သားတွေကို စစ်ကောင်စီလေတပ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်နေတဲ့အကြောင်းသတင်းတွေကြားရပေမဲ့ အတည်မပြုနိုင်သေးတဲ့အကြောင်း KIA သတင်းအရင်းအမြစ်ရဲ့ ပြောကြားချက်ကို ကိုးကားတဲ့အနေနဲ့ Khit Thit Media က ဖော်ပြခဲ့ပါတယ်။ ဒီလို လေယာဉ်နဲ့ ဗုံးကြဲလို့ စစ်ကောင်စီ တပ်သား ဘယ်လောက်သေဆုံးတယ်ဆိုတာမျိုးကို အတည်ပြုဖော်ပြ တာမျိုးမရှိပါဘူး။

သုံးသပ်ချက်
မူလက ရန်ကုန်ခေတ်သစ်မီဒီယာမှာဖော်ပြခဲ့တဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားဆိုတဲ့ သတင်းကို လိုအပ်သလိုခေါင်းစဉ်တု တပ်ကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် ဖြန့်ချိနေ ခြင်းဖြစ်တယ်။ လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ သေဆုံးခဲ့တယ်ဆိုတဲ့ အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။
ပြောဆိုချက်- လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ အစုလိုက်အပြုံလိုက် သေဆုံး

Title:Fact Check: လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးကြဲခံရဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False