ကရင်အမျိုးသားအစည်းအရုံး(KNU)ထဲ ဝင်ဖို့လုပ်တဲ့အတွက် အနုပညာရှင်တွေ အဖမ်းခံရတယ်လို့ဆိုထားတဲ့ သတင်းမှားဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ကျော်ရရှိ ထားတယ်။

“KNU ထဲသွားမယ့် မြင့်မြတ် အဖမ်းခံရပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

ဒီအပြင် သရုပ်ဆောင်နေတိုး၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့လည်း KNU ထဲသွားဖို့ ပြင်နေစဉ်အဖမ်းခံရတယ် ဆိုပြီးတော့ ရေးသားမျှဝေထားပါသေးတယ်။ ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖော်ပြထားတဲ့ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အနုပညာရှင်တွေနဲ့ ပတ်သတ်တဲ့ အကြောင်း အရာတွေကို လုပ်ကြံရေးသားဖြန့်ချိလေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အနုပညာရှင်တွေက စစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေကို ကန့်ကွက်မှုအဖြစ် သတင်းတု ဖြန့်ချိခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာ KNU ထဲကို သွားဖို့ပြင်နေတဲ့ မြင့်မြတ်အဖမ်းခံရတဲ့ အကြောင်းနဲ့ သတင်းအစမှာ သရုပ်ဆောင်မြင့်မြတ် KNU ထဲသွားဖို့ပြင်နေတဲ့အကြောင်း ဖတ်ကြားနေပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ၂ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဖတ်ကြားနေတာကတော့ မြင့်မြတ်ရဲ့ အောင်မြင်မှုအကြောင်းနဲ့ သူ့ရဲ့ ပရဟိတ လုပ်ငန်း လုပ်ကိုင်နေတဲ့ အကြောင်းသာပါဝင်ပြီး သက်ကြီး အဘွားအိုတဦးကို အစားအသောက်သွားလှူခဲ့တဲ့ အကြောင်း ဖော်ပြထားသာပါတယ်။

ဒီလိုပဲ သရုပ်ဆောင်နေတိုးနဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့အဖမ်းခံရတယ်ဆိုတဲ့ သတင်းကိုလည်း ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

အနုပညာရှင်တွေ KNU ထဲသွားဖို့လုပ်နေတုန်းအဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ Channel P အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ အနုပညာရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။

ပြောဆိုချက်- KNU ထဲသွားဖို့လုပ်နေတုန်း အနုပညာရှင်တွေ အဖမ်းခံရ

Avatar

Title:Fact Check: KNU နဲ့ဆက်သွယ်လို့ အနုပညာရှင်တွေ အဖမ်းခံရဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: Misleading