
တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး တရုတ်သမ္မတအမိန့်နဲ့ နေပြည်တော်ကို တရုတ်စစ်သားတွေ ရောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။
“စစ်ခေါင်းဆောင် ရန်သူဝိုင်းခံရပြီ
တရုတ်က ဖမ်းဆီးဖို့ အမိန့်ထုတ်
တရုတ်သမ္မတ အမိန့်နဲ့ နေပြည်တော် ကို တရုတ်စစ်သားများ ရောက်ရှိ
သဘောတီူမှု ချိုးဖောက်တယ်ဆိုပြီး တရုတ်သမ္မတက မင်းအောင်လှိုင်ကို ဒေါသထွက်နေ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်မှာဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ဖော်ရာမှာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာတွေ ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားမျှဝေထားတဲ့ “တရုတ် တို့ ပဒူအုံကို တုတ် နှင့် ထိုးတော့မည်လော”ဆိုတဲ့ ဆောင်းပါးကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ဒီဆောင်းပါးထဲမှာ စစ်တပ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက စီမံကိန်းတွေမှာ တရုတ်တပ်တွေ လုံခြုံရေးယူခွင့်ကို လက်မှတ်ရေးထိုးလိုက်ပြီး တပ်စွဲခွင့်ပြုမယ့် ကိစ္စက အချုပ်အခြာအာဏာထိပါးမှု၊ နိုင်ငံကို တရုတ်လက်သို့ ရောင်းစားမှုအဖြစ် ဆောင်းပါးရှင်က သုံးသပ်ပြီး စစ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာမစွန့်ရရေးအတွက် တရုတ်လက်ဝယ်ကို နိုင်ငံပါ အပ်ဖို့ ဆုံးဖြတ်ထား ဟန်ရှိကြောင်း ရေးသားထားတယ်။ မူလ ဖေ့စ်ဘွတ်ပို့စ်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဒီအပြင် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လေတပ်စခန်းတွေတိုက်ခိုက်ခံရမှုမှာ စစ်တပ်က တာဝန်ရှိသူတွေကို အရေးယူ၊ “လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးနှစ်ကျော်အတွင်း KNU နယ်မြေက အရပ်သား ၁၇၀ ခန့် သေဆုံး”စတဲ့ သတင်းတွေကို ပြန်လည် ဖော်ပြထားတယ်။
သုံးသပ်ချက်
တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်ပြီး တရုတ်သမ္မတအမိန့်နဲ့ နေပြည်တော်ကို တရုတ်စစ်သားတွေ ရောက်လာတယ်ဆိုတာဟာလည်း အထောက်အထားမရှိပါဘူး။ “Mandalay khitthit” ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုနဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိတဲ့နေရာတခုသာဖြစ်တယ်။
ပြောဆိုချက်- တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး မြန်မာနိုင်ငံထဲကို တရုတ်စစ်သားတွေ ဝင်ရောက်လာ

Title:Fact Check: တရုတ်က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False