တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာပြန်လွှဲပေးတယ်ဆိုတဲ့ ပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“စစ်‌ခွေးစစ်သုံပန့်(၁၅၀)ဦး KIA/PDF တပ်ဖမ်းမိ မအလ အရှုံးပေးပြီဟေ့၊ အာဏာပြန်အပ်ရပြီ” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှုံးပေးပြီး အာဏာပြန်အပ်ပြီလို့ရေးထားပေမဲ့ တကယ်တမ်း ဒီအကြောင်းအရာ ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။

တကယ်တမ်း ဗွီဒီယိုပါသတင်းတွေဟာ သတင်းမီဒီယာတွေမှာ မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်မျှ‌ဝေ နေခြင်းဖြစ်တယ်။ “ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA က လူမှုကူညီရေးအသင်းထံ လွှဲပြောင်းပေး”ပေး တဲ့ သတင်းကိုချဲ့ကားပြီး ရေးသားထားခြင်းဖြစ်တာတွေ့ရပါတယ်။

ထို့အပြင် သတင်း‌ခေါင်းစဉ်တုတပ် ဗွီဒီယိုပါ အခြားသတင်းတွေဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိ၊ နိုင်ငံရေးအကျဉ်းသားများနှင့် အချုပ် သားများကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်”၊ “နမ့်ခမ်းမြို့နယ် ရဲစခန်း မီးလောင်ပြာကျသွား”၊ “ကော့ကရိတ်၊ မုံးကိုးနှင့် သိန္နီတို့တွင် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံး” စတဲ့ သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။

ထိုနည်းတူစွာ နိုဝင်ဘာ ၈ ရက်နေ့မှာ ဖြန့်ဝေလာတဲ့ သတင်းခေါင်းစဉ်တုတပ် ယူကျု့ဗွီဒီယိုပါသတင်းတွေ ဟာလည်း ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းအချို့ကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ နိုဝင်ဘာ ၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးအစည်းအဝေးခေါ်ပြီး လက်လွှတ်လိုက်ရတဲ့ မြို့တွေကို ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းနဲ့ တိုက်ပွဲသတင်းတွေသာပါဝင်တယ်။ မူလသတင်း ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

မူလသတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ နိုင်ငံတဝှမ်းကတိုက်ပွဲသတင်းတွေနဲ့အခြားသောအကြောင်းအရာတွေကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာပြန်လွှဲပေးတယ် ဆိုတာ သတင်းတုသာဖြစ်တယ်။

ပြောဆိုချက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာပြန်လွှဲပေး

Avatar

Title:Fact Check: တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးတဲ့ သတင်းမှား

Written By: နေရာမောင်

Result: False