Fact Check: ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတု

နိုင်ငံရေး၊

ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ 

အောက်ပါစခရင်ရှော့နဲ့စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  

“ဗိုလ်ချုပ်ကြီး ဦးရာပြည့်နဲ့ အရာရှိ (၅၉)ဦး ရာထူးမှ နုတ်ထွက်ကုန်ပြီ(ထူးပြီဟေ့) MWD သတင်းအတည်ပြု ကြေညာပြီ/ရှုံးမဲမဲဖြစ်ကုန်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။

ဒီလိုပဲ အခုဗွီဒီယိုထဲမှာပါသလို စစ်တပ်ပိုင် MWD သတင်းဌာနကနေပြီးတော့ ဗိုလ်ချုပ်ကြီးရာပြည့်အနား ယူကြောင်း ကြေညာတာမျိုးလည်း မတွေ့ရပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ လူထုနွေဦး သတင်းဌာနကဖော်ပြခဲ့တဲ့ “ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ  စစ်ကောင်စီတပ်စွဲရာ ၂နေရာကို နိုဝင်ဘာ ၆ရက်တွင် TNLA နှင့် MDY PDF သွားရောက်တိုက်ခိုက်”၊ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖော်ပြခဲ့တဲ့ “မြင်းမူမြို့ အထက ၁ ကျောင်းအတွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး”၊ ဧရာဝတီတိုင်းမ်းသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “တိုက်ပွဲများကြောင့် ပလက်ဝမြို့ နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ၃ နှစ်ကြာ စိုက်ပျိုးနိုင်ခြင်းမရှိပဲ ပစ်ထားရ”စတဲ့ သတင်းတွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပစ်ခတ်တိုက်ခိုက်မှုသတင်းတွေပါဝင်ပါတယ်။ 

သုံးသပ်ချက်

မူလက မီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ‌သတင်းခေါင်းစဉ်လွဲတပ် ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အခုလိုဖြန့်ချိထားတဲ့ ဗွီဒီယိုသတင်းတခုလုံးမှာ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အရာရှိ ၅၉ ဦးရာထူးကနုတ်ထွက်မှု အကြောင်းမပါသလို ဒီလိုနုတ်ထွက်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

Avatar

Title:Fact Check: ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အရာရှိ ၅၉ ဦး ရာထူးမှ နုတ်ထွက်မှုသတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *