ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲသတင်းတွေနဲ့အတူ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။

အောက်ပါကတော့ ဒီလိုဆိုလိုထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုပို့စ်တခုရဲ့ စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။

“ရှမ်းမြောက်တွင် တင့်ကားကြီးနဲ့ အလင်းဝင်လာလို့ သိန်းတစ်သောင်းဆုချီးမြှင့်လိုက်ပြီ တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံး”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်‌‌ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဟာ DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ မူလဗွီဒီယိုကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုထဲမှာ “မြို့ ၃ မြို့ ကျသွားပြီဟု စစ်ကောင်စီဝန်ခံ”၊ “အမြန်လမ်းတွင် ၂၄ နာရီ ယာဥ်ဖြတ်သန်းခွင့် ပြန်ရ”၊ “ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်သဖြင့် ခရီးသည်တင်ကား ထိမှန်ပြီး ၄ ဦး ဒဏ်ရာရ”စတဲ့ သတင်းတွေပါဝင်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လဲကျသေ ဆုံးခဲ့တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ DVB TV news သတင်းဌာနရဲ့ ယူကျူ့မှာတင်ဆက်ခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီ သတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီလိုဖြန့်ဝေရာမှာ လူစိတ်ဝင်စားမှုရယူဖို့အတွက် ခေါင်းစဉ်တုတခုကို လုပ်ကြံရေးသားထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု

Written By: Zun Zee

Result: False