Fact Check: စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေသလား၊ ရှင်သလား မသိရသေးဘူးလို့ဆိုပြီး ဗွီဒီယို တခု ယူကျူ့မှာ ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။ ဩဂုတ် ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယို ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော် ရရှိထားတယ်။

“မင်းအောင်လှိုင် ဗုံးခွဲခံရပြီ

နေပြည်တော်မှာမင်းအောင်လှိုင် ဗုံးခွဲခံရ

မအလကြင်စိုး သေမသေမသိရသေး”

C:\Users\User\Downloads\Firefox_Screenshot_2024-08-16T07-33-58.463Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါ။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်လုပ်ကြံ သတင်းခေါင်းစဉ်တုတွေ တပ်ကာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ ဖေ့စ်ဘွတ် အသုံးပြုသူတွေ မျှဝေတဲ့  အတွေးအမြင်တွေကို ပြန်လည်ဖြန့်ချိတာတွေလုပ်လေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ စစ်တပ်အတွင်းက အတည်ပြုရခက်တဲ့ အတွင်းသတင်းတွေကို ရေးသားလေ့ရှိတဲ့ “Myat Tun Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ “နေပြည်တော်က ဗုံး”ဆိုတဲ့ အကြောင်းအရာနဲ့အခြားသောသတင်းဖော်ပြချက်တွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ဒီရေးသားချက်ထဲမှာ ရှမ်းမြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကျတဲ့နေ့မှာ  စစ်ခေါင်းဆောင်ရဲ့  ရထားစစ်ဆေးမှု ခရီးစဉ်မှာ အဆင့်မြင့် ဗုံးတွေ့တယ်လို့ ရေးသားထားပြီး ဒီလုပ်ကြံမှုဟာ စစ်တပ်အတွင်းလူတွေက လုပ်တာ ဒါမှမဟုတ် နိုင်ငံခြား ထောက်လှမ်းရေး ကသာ လုပ်နိုင်တဲ့ အစီအစဉ်မျိုးဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ အဲဒီနေ့က ဘယ်ရထားကို သွားရောက်စစ်ဆေးတယ် ဆိုတာတော့ ဖော်ပြခြင်းမရှိသလို ဒီဗုံးကြောင့် စစ်ခေါင်းဆောင်ရဲ့ ရထားကို သွားရောက်စစ်ဆေးမယ့် အချိန်ပြောင်းလိုက်ရတယ်လို့ ရေးသားပါတယ်။ ပေါက်ကွဲမှုဖြစ်စေ၊ ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်စေ ဖော်ပြခြင်း မရှိပါဘူး။

C:\Users\User\Downloads\1111.png

သုံးသပ်ချက်

စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ စစ်တပ်အတွင်း လူဟန်နဲ့ အတည်ပြု နိုင်ခြင်းမရှိတဲ့ သို့မဟုတ် စစ်တပ်အတွင်းသတင်းတွေကို ဖော်ပြလေ့ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားချက်ဖြစ်တဲ့ စစ်ခေါင်းဆောင်လာမယ့် ခရီးစဉ်တခုမှာ ဗုံးထောင်ထားတာ တွေ့ခဲ့ရတယ်ဆိုတဲ့ဖော်ပြချက်ကို ချဲ့ကားပြီး ရေးသားထားခြင်းဖြစ်တယ်။

ပြောဆိုချက်- စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေသလား၊ ရှင်သလားမသိရ

Avatar

Title:Fact Check: စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *