
မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတုသတင်းမှားတခုဖြစ်တယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုပိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့
“မိုးကုတ်မြို့အနီး NUG သမ္မတနဲ့အဖွဲ့ကို
အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာ
ငိုချင်တယ်၊ NUG သမ္မတ သနားပါတယ်ဟာ ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ NUG ခေါင်းဆောင်တွေထဲက တယောက်ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတယ်ဆိုတဲ့ ဒီသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြဝတီသတင်းနဲ့ ပြန်ကြားရေးဌာနတွေမှာလည်း ဒီလိုထုတ်လွှင့်ချက်မတွေ့ရပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှောဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တမိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ NUG လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့တဲ့ ဗုံးခိုကျင်းနဲ့ အရေးပေါ်အခြေအနေတွေမှာ ခိုးအောင်းနိုင်ဖို့ နေရာ တည်ဆောက်မှလမ်းညွှန်ချက်ကို သာ ဖော်ပြထားပါတယ်။
သုံးသပ်ချက်
မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို အဖမ်းခံရတယ်ဆိုတာမဟုတ်ပါဘူး။ ဒီလို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာတယ်ဆိုတာလည်းမဟုတ်ပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာ စစ်ရှိန်မြင့်လာလို့ လူထုအနေနဲ့ အရေးပေါ်ခိုလှုံရာနေရာတွေ ပြင်ဆင်ကြဖို့ NUG ထုတ်ပြန်ချက်ကို ခေါင်းစဉ်တုတပ်ထားတယ်။

Title:Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False