
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ဖမ်းဆီးပြီးပြီး အာဏာလုယူ လိုက်တယ်လို့ ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။
အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ ဒီဗွီဒီယိုဟာ ယူကျူ့မှာ ကြည့်ရှုမှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။
“နေပြည်တော်ကိုပိတ်ချလိုက်ပြီ
စိုးဝင်းအာဏာသိမ်းလိုက်ပြီ
သိန်းစိန်သမ္မတဖြစ်လာမှာကိုလက်မကြိုက်လို့
မင်းအာင်လှိုင်ကိုဖမ်းဆီးကာအာဏာလုယူ”(မူရင်းအရေးအသား)
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Radio”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်း သို့မဟုတ် အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ သတင်းခေါင်းစဉ် လွဲတွေ တပ်ကာ ဖြန့်ချိပါတယ်။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ဒီဗွီဗီသတင်းဌာနက ဇူလိုင် ၈ ရက်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် မင်းကောင်းချစ်ရဲ့ “နှစ်ဖက်ချွန်ပြဿနာတထောင် (သို့) ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ စစ်အာဏာရှင်များ”ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြနေတာဖြစ်တယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ဒီဗွီဗီသတင်းဌာနကဖော်ပြထားတဲ့ မူလဖော်ပြချက်ဆောင်းပါးအစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။
သုံးသပ်ချက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ဖမ်းဆီးပြီးပြီး အာဏာလုယူ လိုက်တယ် ဆိုတာ အထောက်အထားမရှိပါဘူး။ Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိလေ့ရှိတယ်။

Title:Fact Check: စစ်ခေါင်းဆောင်ကို ဖမ်းစီးကာ ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်း ဆိုတဲ့ သတင်းတု
Written By: Zun ZeeResult: False