နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ စစ်ခေါင်းဆောင်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ဝန်ကြီးအပါအဝင် ၁၈ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ပို့စ်တခု ပျံ့နှံ့မှုအားကောင်းလျက်ရှိတာဟာ သတင်းတု တခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“နေပြည်တော်မှမန္တလေးသွားသည့် စကစဝန်ကြီးချုပ်ကားတန်း တိုက်ခိုက် စကစဝန်ကြီးပါဝင် (၁၈) ဦး သေဆုံး”

မူရင်းလင်ခ့် – Fb link | Archive link

ထို့အတူ “နေပြည်တော်-ရန်ကုန်အမြန်လမ်းမှာ စစ်ဗိုလ်ချုပ် ၈ ဦး၏ ယာဉ်တန်းပစ်ခတ်ဖမ်းဆီး (အကုန် အဖမ်းခံရ)”ဆိုပြီးတော့လည်း ယူကျူ့ချန်နယ်တခုက ဗွီဒီယိုပို့စ်တခုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလိုရေးသားဖြန့်ဝေ နေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လေ့လာကြည့်ရင် ခေါင်းစဉ်လွဲတွေတပ်ပြီး သတင်းမီဒီယာအချို့မှာ ဖော်ပြ ခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိပါတယ်။ နေပြည်တော်-မန္တ‌လေးနဲ့ နေပြည်တော်-ရန်ကုန်သွား စစ်ခေါင်းဆောင်တွေ ယာဉ်တန်းတိုက်ခိုက်ခံရ တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေကိုကြည့်ရင်လည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။

အခုဗွီဒီယိုတွေထဲမှာပါတဲ့အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်း တွေကို ပြန်လည်မျှဝေထားခြင်းဖြစ်တာတွေ့ရပါတယ်။ “နောင်ချိုမြို့နယ် ရွှေညောင်ပင်နှင့် လွယ်တောင်း ကျေးရွာတို့တွင် စစ်တပ်က တပ်စွဲထားပြီး ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်း အဖြစ် အပြင်ထွက်ခွင့်မပေးဘဲ ဖမ်းဆီးထား”၊ “အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး”၊ KIA မှ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုင်ငံတကာစစ်သုံပန်း စစ်ဥပဒေနဲ့အညီ ပြန်လည်လွှဲပြောင်းပေး၊ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “ဆိုကရေးတီး မင်းအောင်လှိုင်” စတဲ့အကြောင်းအရာတွေသာပါဝင်ပါတယ်။

သုံးသပ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ဝေနေခြင်းဖြစ်တယ်။ ဗွီဒီယိုပါ အကြောင်းအရာတွေဟာ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ နိုင်ငံတဝှမ်းတိုက်ပွဲသတင်းတွေကို ပြန်လည်မျှဝေထားခြင်း ဖြစ်ပြီး ဒီလိုမျှဝေရာမှာ လူတွေ စိတ်ဝင်စားမှုရဖို့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ စစ်ခေါင်းဆောင် ယာဉ်တန်း တိုက်ခိုက်ခံရသ‌ယောင် ‌‌ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ စစ်ခေါင်းဆောင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဝန်ကြီးအပါဝင် ၁၈ ဦးသေဆုံး

Avatar

Title:Fact Check: နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ စစ်ခေါင်းဆောင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဝန်ကြီးအပါအဝင် ၁၈ ဦးသေဆုံးဆိုတဲ့ သတင်းတု

Written By: နေရာမောင်

Result: False